နယ်စပ်မှာ ပူးတွဲပြီး မိုင်းရှင်းဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ သဘောတူ

0
294

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နယ်စပ်မှာ မြေမြှုပ်မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ အမြောက်ဆန်တွေကို ဖယ်ရှားဖို့ နှစ်ဖက် တပ်ဖွဲ့တွေ သဘောတူလိုက်ပါတယ်။

ငါးရက်ကြာ နှစ်နိုင်ငံ နယ်စပ် ညီလာခံအပြီး ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် တွဲဖက် ဒါရိုက်တာ ဗိုလ်မှူးချုပ် မက်ဒ် အာနီဆာ ရာမန်က သဘောတူညီချက်ကို ပြောကြားတာ ဖြစ်ပါတယ်။

နယ်စပ်တလျှောက် လုံခြုံရေးနဲ့ ငြိမ်းချမ်းကို ဘယ်လိုဆောင်ရွက်ကြမယ်ဆိုတာ အဲဒီညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ဟာ ၂၇၁ ကီလိုမီတာ ထိစပ်နေပြီး အဲဒီအထဲက ၁၅၀ ကီလိုမီတာဟာ တောတောင်နဲ့ ဝေးလံခေါင်သီတဲ့ ဒေသတွေ ဖြစ်ပါတယ်။ ခွဲထွက်ရေး အကြမ်းဖက်သမားတွေ၊ ရာဇဝတ်ကောင်တွေ၊ မူးယစ်ဆေး ကုန်သည်တွေ၊ လက်နက်ကုန်သည်တွေ အခြေချ လှုပ်ရှားတဲ့ နေရာတွေ ဖြစ်ပါတယ်။

နယ်စပ်မှာ ယာဘထုတ်တဲ့ စက်ရုံ ၄၆ ခု ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က မြန်မာရဲတပ်ဖွဲ့ကို အကြောင်းကြားထားပါတယ်။

မြန်မာ ကိုယ်စားလှယ်အဖွဲ့ကလည်း မောင်တောမှာ အခြေအနေ တည်ငြိမ်ပြီဖြစ်လို့ ထွက်ပြေးနေတဲ့ မွတ်စလင်တွေ ပြန်လာလို့ ရပြီလို့ အကြောင်းကြားကြောင်းလည်း ဗိုလ်မှူးချုပ် မက်ဒ် အာနီဆာ ရာမန်က ပြောပါတယ်။

နှစ်နိုင်ငံ နယ်စပ် ညီလာခံမှာ ဘင်္ဂလားဒေ့ရှ်ဘက်က ၁၆ ဦး၊ မြန်မာဘက်က ရဲမှူးချုပ် မျိုးဆွေဝင်း အပါအဝင် ၆ ဦး တက်ရောက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)