အကြမ်းဖက်ဝါဒ အားပေးမှုကြောင့် ကာတာနိုင်ငံကို နိုင်ငံလေးနိုင်ငံက အဆက် အသွယ်ဖြတ်

0
291

ဒေသတွင်း တည်ငြိမ်မှုကို ပျက်ပြားစေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကာတာနိုင်ငံကို ဆော်ဒီအာရေဗျ၊ အီဂျစ်၊ ဘာရိန်းနဲ့ ယူအေအီးနိုင်ငံ တို့က သံတမန် အဆက်အသွယ် ဖြတ်တောက်လိုက်ပါတယ်။

မွတ်စလင်ညီအစ်ကိုများအုပ်စု အပါအ၀င် အကြမ်းဖက်အုပ်စုတွေကို ကာတာနိုင်ငံက ထောက်ပံ့နေတယ်လို့ စွပ်စွဲပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဆော်ဒီနိုင်ငံပိုင် မီဒီယာ အက်စ်ပီအေက ကာတာနိုင်ငံနဲ့ နယ်နိမိတ် ထိစပ်မှုအပါအ၀င် သံတမန် ဆက်ဆံရေးအားလုံးကို ရပ်ဆိုင်း ပိတ်ဆို့လိုက်ပြီဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

အစွန်းရောက်ဝါဒနဲ့ အကြမ်းဖက်ဝါဒတွေကို ကာကွယ်နိုင်ဖို့အတွက် အမျိုးသားအကျိုးစီးပွားကို စောင့်ရှောက်တဲ့အနေနဲ့ အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ဆော်ဒီအရာရှိတွေက ပြောကြားခဲ့တယ်လို့ အဆိုပါသတင်းဌာနက ဖော်ပြခဲ့တာဖြစ်ပါတယ်။

ထို့အတူ အီဂျစ်နိုင်ငံကလည်း ကာတာကို ဆက်သွယ်မယ့် လေကြောင်း၊ ဆိပ်ကမ်းအားလုံးကို ပိတ်ပင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

ယူအေအီးနိုင်ငံကတော့ ကာတာ သံတမန်တွေကို နိုင်ငံတွင်းကနေ ၄၈ နာရီအတွင်း ထွက်ခွာကြဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ဘာရိန်းနိုင်ငံကလည်း မိမိတို့နိုင်ငံရဲ့လုံခြုံရေးနဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်နေတာကြောင့် ကာတာနိုင်ငံနဲ့ ဆက်နွယ်မှု အားလုံးကို ဖြတ်တောက်လိုက်ပြီ ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာကနေ ဖော်ပြခဲ့ပါတယ်။

အခုဖြစ်စဉ်ဟာ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီရဲ့ အင်အားအကြီးမားဆုံး အဖွဲ့ဝင်နိုင်ငံတွေအကြားမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ အကွဲအပြဲ ပြဿနာဖြစ်ပါတယ်။

ကာတာနိုင်ငံဟာ ဒေသတွင်း ခါးသီးတဲ့ပြိုင်ဘက်ဖြစ်တဲ့ အီရန်ရဲ့ဝါဒရေးရာကိုတောင် ထောက်ခံ အားပေးမှုတွေ ရှိနေတယ်လို့ အဆိုပါ လေးနိုင်ငံက စွပ်စွဲပြောဆိုခဲ့တာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်က ဆော်ဒီအာရေဗျ၊ ဘာရိန်းနဲ့ ယူအေအီးနိုင်ငံတို့က ကာတာမှာ ထားရှိတဲ့ သံတမန်တွေကို ပြန်ရုပ်သိမ်းခဲ့ပေမယ့်လည်း ခရီးသွားလာမှုတွေကိုတော့ မဖြတ်တောက်ခဲ့ပါဘူး။ ကာတာနိုင်ငံဟာ ၂၀၂၂ ခုနှစ်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အနေနဲ့ လက်ခံကျင်းပမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)