ရွေးကောက်ပွဲ ကျင်းပပေးဖို့ ဗင်နီဇွဲလား ပြည်သူတွေ အပြင်းအထန် တောင်းဆို

0
303

တိုင်းပြည်ရဲ့နိုင်ငံရေးနဲ့ စီးပွားရေးဝရုန်းသုန်းကားဖြစ်စဉ် ပိုမိုနက်ရှိုင်းလာချိန်မှာ ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုရဲ့အတိုက်အခံတွေက ရွေးကောက်ပွဲ ကျင်းပပေးဖို့ တောင်းဆိုမှုပြင်းထန်လာနေပြီး လမ်းပိတ်ဆို့ ဆန္ဒပြမှုတွေ ပြုလုပ်နေကြပါတယ်။

လူ ၂၈ ဦးသေဆုံးခဲ့ရတဲ့ အဓိကရုဏ်းဖြစ်စဉ်ကိုအဆုံးသတ်သွားစေဖို့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေးအတွက် သမ္မတမာဒူရိုရဲ့တောင်း ဆိုချက်ကိုလည်း သူတို့က ဗြောင်ကျကျ ဆန့်ကျင်နေကြပါတယ်။

သမ္မတမာဒူရိုရဲ့တောင်းဆိုချက်ဟာ အာဏာကိုဖက်တွယ်မှု ဖြစ်တယ်လို့ အမေရိကန်က ပြောဆိုခဲ့ပြီး ဘရာဇီးနိုင်ငံကတော့ ဒါဟာ အာဏာသိမ်းပွဲပဲလို့ ပြစ်တင်ပြောဆိုလိုက်ပါတယ်။

အခုလိုဝရုန်းသုန်းကားတွေ ဖြစ်လာစေခဲ့တဲ့ အစားအသောက်ရှားပါး ပြတ်တောက်မှုဟာ လက်ဝဲသမားသမ္မတ မာဒူရိုရဲ့အပြစ်ကြောင့်ပဲလို့ အတိုက်အခံ တွေက ပြစ်တင်ပြောဆိုကြပါတယ်။ အတိုက်အခံတွေက မဲခွဲဆုံးဖြတ်ပြီး သမ္မတမာဒူရိုကို ဖယ်ရှားချင်နေကြပါတယ်။

အတိုက်အခံတွေရဲ့တောင်းဆိုချက်ကို မစ္စတာမာဒူရိုက ငြင်းပယ်ခဲ့ပြီး မြို့တော်ဝန်နဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး နေရာတွေအတွက်ပဲ ရွေးကောက်ပွဲ လုပ်မယ်လို့ ပြောဆိုခဲ့ပါတယ်။

အခုနှစ်အတွင်း ဗင်နီဇွဲလားနိုင်ငံရဲ့ငွေကြေးဖောင်းပွနှုန်းက ၇၀၀ ရာခိုင်နူန်းခန့်ရှိကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က ပြောကြားခဲ့ပါတယ်။
သမ္မတရွေးကောက်ပွဲက လာမယ့်နှစ်ကျမှ ကျင်းပဖို့ အချိန်စေ့မှာဖြစ်ပါတယ်။

ဒါပေမဲ့လည်း တိုင်းပြည်ရဲ့ ပဋိပက္ခနဲ့ အထွေထွေ ကျပ်တည်းမှုတွေကို အဖြေရှာဖို့ သမ္မတမာဒူရိုကို အမြန်ဆုံးဖယ်ရှားချင်နေတာကြောင့် အခုလို ရွေးကောက်ပွဲ ချက်ချင်းကျင်းပပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)