FBI အရာရှိ အမျိုးသမီး IS စစ်သွေးကြွ ခေါင်းဆောင်နဲ့ လက်ထပ်ခဲ့

0
338

အမေရိကန် ထောက်လှမ်းရေအးဖွဲ့ FBI က ဘာသာပြန်အရာရှိ အမျိုးသမီးတစ်ဦးဟာ သူ့ကို စုံစမ်းစစ်ဆေးဖို့ တာဝန်ပေးထားတဲ့ IS စစ်သွေးကြွ ခေါင်းဆောင်နဲ့ ချစ်ကြိုက်ပြီး လက်ထပ်မှု ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံတော်အဆင့် လျှို့ဝှက်ချက်တွေကို ကြည့်ခွင့်ရှိနေတဲ့ FBI က ဒန်နီလာ ဂရင်း (Daniela Greene) ဆိုတဲ့ အမျိုးသမီးဟာ FBI ကို လိမ်လည် လှည့်ဖျားပြီး ၂၀၁၄ ခုနှစ်တုန်းက ဆီးရီးယားအထိ သွားရောက်ကာ စစ်သွေးကြွ ခေါင်းဆောင်ကို လက်ထပ်ခဲ့တာ ဖြစ်ကြောင်း CNN သတင်းဌာနက ထုတ်ဖော် ရေးသားလိုက်ပါတယ်။

ဒန်နီလာ ဂရင်းရဲ့ ကိစ္စဟာ FBI အဖို့ အရှက်ကွဲစရာဖြစ်ခဲ့ပြီး ဖြစ်ပျက်ခဲ့တာကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပါဘူး။

အသက် ၃၈ နှစ်ရှိ ဒန်နီလာ ဂရင်းဟာ ဂျာမနီမှာ မွေးပြီး IS ထဲကို ဝင်ရောက်ကူးပြောင်းလာတဲ့ ဒင်းနစ် ကက်စ်ပါ့တ် (Denis Cuspert) နဲ့ ချစ်ကြိုက် လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ ဒင်းနစ်ဟာ ဂျာမန် Rapper တစ်ဦးအဖြစ် ဒက်စ်ဆို ဒေါ့ဂ် (Deso Dogg) ဆိုတဲ့ နာမည် ခံထားပြီး ဆီးရီးယားမှာတော့ အဘူ တယ်လ်ဟာ အယ်လ်-အယ်လ်မာနီဆိုပြီး အမည် ပြောင်းထားပါတယ်။

ဒင်းနစ် ကက်စ်ပါ့တ်ဟာ အွန်လိုင်းကနေတဆင့် ဂျီဟတ် စစ်သွေးကြွ စုဆောင်းမှုမှာ လွှမ်းမိုးနိုင်သူ ဖြစ်ပြီး အကြမ်းဖက် နှိမ်နင်းရေးမှာ အလိုရှိနေသူ တစ်ဦး ဖြစ်ပါတယ်။

သူဟာ အိုစမာ ဘင်လာဒင်ကို ချီးကျူးတဲ့ သီချင်းနဲ့ သမ္မတဟောင်း ဘားရတ် အိုဘားမားကို ခြိမ်းခြောက်တဲ့ ဗီဒီယိုတွေ၊ လူခေါင်းတွေကို ဖြတ်ပြီး ကိုင်ပြထားတဲ့ ဗီဒီယိုတွေ လွှင့်တင်ခဲ့ပါတယ်။

ဒန်နီလာ ဂရင်းဟာ အမေရိကန်မှာ ရှိတဲ့ သူ့ခင်ပွန်းဟောင်းကို ပစ်ပြီး ဆီးရီးယားကို လျှို့ဝှက်သွားရောက်ကာ ဒင်းနစ် ကက်စ်ပါ့တ်ကို လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။

ဒန်နီလာ ဂရင်းဟာ ဘာသာဗေဒ ပညာရှင်အနေနဲ့ FBI ကို ဝင်ရောက်လာပြီး ၃ နှစ်အကြာမှာ ကက်စ်ပါ့တ် ကိစ္စကို စုံစမ်းဖို့ ၂၀၁၄ ဇန်နဝါရီမှာ တာဝန်ပေးခံရတာ ဖြစ်ပါတယ်။ ဇွန်လမှာတော့ IS စစ်သွေးကြွ ကက်စ်ပါ့တ်နဲ့ ချစ်ကြိုက် လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။

လက်ထပ်ပြီး သီတင်းပတ် အနည်းငယ် အကြာမှာပဲ သူမဟာ အကြီးအကျယ် မှားပြီးဆိုပြီး ၂၀၁၄ သြဂုတ်လမှာပဲ အမေရိကန်ကို ပြန်ရောက်လာပြီးနောက် သူမဟာ ဖမ်းဆီးခံလိုက်ရပါတယ်။ ဖမ်းဆီးခံရပြီးနောက် ပြစ်မှု ကျူးလွန်တာကို ထွက်ဆိုဖို့ အတွက် အမေရိကန် အာဏာပိုင်တွေနဲ့ ပူးပေါင်းပါမယ်လို့ သဘောတူခဲ့ပါတယ်။ နိုင်ငံတကာ အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ၂၀၁၄ ဒီဇင်ဘာမှာ ထောင်ဒဏ် ၂ နှစ် အချခံရပြီး ၂၀၁၆ သြဂုတ်လမှာ ပြန်လွတ်လာပါတယ်။

ဒန်နီလာ ဂရင်း ထောင် ၂ နှစ်ပဲ ကျတာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ပေါ်ပေါက်လာပါတယ်။ အခု ဟိုတယ် ဝန်ထမ်းအဖြစ် အလုပ်လုပ်နေတဲ့ ဒန်နီလာ ဂရင်းဟာ IS နဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ချခံရတဲ့ တခြား အမေရိကန်တွေနဲ့ နှိုင်းစာရင် သက်သောင့်သက်သာ ရှိလွန်းနေတယ်လို့ ထောက်ပြကြပါတယ်။

သူ့လို အမှုမျိုးဟာ အနည်းဆုံး ထောင် ၁၃ နှစ်ခွဲကျခံရမှာ ဖြစ်တယ်လို့ ဖို့ဒ်ဟမ်း တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)