ရုရှားသံအမတ်နှင့် အဆက်အဆံရှိမှု ထရန့် အစိုးရရှေ့နေချုပ် ဖိအားပေးခံရ

0
259

အခု သမ္မတ ဒေါ်နယ်ထရန့် အစိုးရရဲ့ ရှေ့နေချုပ်အဖြစ် ခန့်အပ်ခံထားရသူ ဂျက်ဖ် ဆက်ဆင်ဟာ ယမန်နှစ် အမေရိကန် ရွေးကောက်ပွဲကာလ အတွင်းမှာ အမေရိကန်ဆိုင်ရာ ရုရှားသံအမတ်ကြီးနဲ့ နှစ်ကြိမ် ဆက်သွယ် စကားပြောဆိုခဲ့ကြောင်း သတင်း ထွက်ပေါ်လာပြီးနောက် ရွေးကောက်ပွဲမှာ ရုရှားရဲ့ စွက်ဖက်မှုကို စုံစမ်းစစ်ဆေးဖို့ ဖိအားပေးမှုတွေ မြင့်တက်လာပါတယ်။

ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရန့်ကို ထောက်ခံခဲ့သူ၊ မူဝါဒ အကြံပေးလည်း ဖြစ်ခဲ့သူ ဂျက်ဖ် ဆက်ဆင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း လွှတ်တော်ရှေ့မှောက်မှာ ကြားနာစဉ်အခါက ရုရှားအစိုးရနဲ့ တစ်စုံတစ်ရာ ပတ်သက်ဆက်နွှယ်ဖူးခြင်း မရှိကြောင်း ထွက်ဆိုခဲ့ပါတယ်။

ဒါပေမဲံ မတ်လ ၁ ရက်နေ့က ဒီလို ရုရှားနဲ့ ဆက်သွယ်ခဲ့ကြောင်း သတင်းထွက်ပေါ်လာမှုအပေါ် ဒီမိုကရက်တွေကတော့ ကျေနပ်ခြင်း မရှိဘဲ နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ဖို့ တောင်းဆိုနေပါတယ်။

ဒီမိုကရက် လွှတ်တော် လူနည်းစု ခေါင်းဆောင် နန်စီ ပေလိုစီကတော့ ဂျက်ဖ် ဆက်ဆင်ဟာ ကျမ်းသစ္စာကျိမ်ပြီး လိမ်တယ်လို့ စွပ်စွဲလိုက်ရုံတင်မက နှုတ်ထွက်ဖို့ပါ တောင်းဆိုလိုက်ပါတယ်။

ဂျက်ဖ် ဆက်ဆင်ဟာ ယမန်နှစ်က ဆီးနိတ် လက်နက်ဆိုင်ရာ ကော်မတီရဲ့ ဝါရင့်အဖွဲ့ဝင်အဖြစ် နိုင်ငံပေါင်း ၂၅ နိုင်ငံက သံအမတ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ရုရှားသံအမတ် ဆာဂေး ကိုင်လ်ယတ်ခ်နဲ့ သီခြား နှစ်ကြိမ် တွေ့ဆုံမှု ရှိတယ်လို့ သိရပါတယ်။ ယမန်နှစ် စက်တင်ဘာမှာ တကြိမ်၊ နွေရာသီအတွင်း ဟယ်ရီတိတ် ဖောင်ဒေးရှင်းအတွက် မိန့်ခွန်းပြောစဉ် တခြား သံအမတ်များနည်းတူ ရုရှားသံအမတ်နဲ့တစ်ကြိမ် ဖြစ်တယ်လို့ ဆိုပါတယ်။

သမ္မတ ထရန့်ရဲ့ မူဝါဒတွေနဲ့ ပတ်သက်ပြီး ဝေဖန်ကန့်ကွက်မှုတွေ ခံနေရချိန်မှာ ရှေ့နေချုပ်ရဲ့ ကိစ္စဟာလည်း နောက်ထပ် ဖိအားတစ်ခု ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)