နေနဲ့အနီးဆုံးနေရာအထိ သွားရောက်လေ့လာဖို့ နာဆာအဖွဲ့ ရည်မှန်း

0
270

အာကာသလေ့လာရေး သမိုင်းတလျှောက်လုံးမှာ ဘယ်တုန်းကမှ မရောက်ခဲ့တဲ့ အကွာအဝေးအထိ နေနဲ့အနီးဆုံးကပ်ပြီး လေ့လာမှု ပြုလုပ်ဖို့ အမေရိကန်နာဆာအဖွဲ့က အစီအစဉ်အသစ်တစ်ခု ရေးဆွဲနေကြောင်း သိရှိရပါတယ်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လအတွင်းမှာ အမေရိကန်နိုင်ငံ၊ ဖရော်ရီဒါပြည်နယ်ရှိ ကနေဒီအာကာသစင်တာကနေ ပစ်လွှတ်မယ့် ပါကာဆို လာပရုဘ်အမည်ရတဲ့ အာကာသယာဉ်ဟာ ကိုရိုနာလို့အမည်ပေးထားတဲ့ နေရဲ့အနီးဆုံးပတ်ဝန်းကျင်ကို သွားရောက်လေ့လာမှု ပြုလုပ်မှာဖြစ်ကြောင်း နာဆာအဖွဲ့က မေလ ၃၁ ရက်နေ့မှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

အဆိုပါအာကာသယာဉ်ဟာ နေရဲ့မျက်နှာပြင်ကနေ မိုင်ပေါင်း ၃.၉ သန်း အကွာအဝေးကနေပြီး နေကိုပတ်နေမှာဖြစ်ပါတယ်။
အဲဒီနေရာမှာ နေမင်းရဲ့အပူချိန်က ၂၅၀၀ ဖာရင်ဟိုက်အထိ မြင့်မားပြီး အပူချိန်ခံနိုင်အောင် ပစ်လွှတ်မယ့်အာကာသယာဉ်ကို ၄.၅ လက်မထူတဲ့ ကာဗွန်ကွန်ပို့စစ်ဒိုင်းနဲ့ ကာကွယ်ထားမှာဖြစ်ကြောင်း နာဆာက ဖော်ပြခဲ့ပါတယ်။

မော်တော်ယာဉ်အသေးစား အရွယ်ရှိမယ့် အဲဒီအာကာသယာဉ်ဟာ ၇ နှစ်အတွင်း နေအပေါ်ကနေ ၇ ပတ်ပတ်ပြီးလေ့လာမှုပြုလုပ် မှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

အဲဒီလိုပတ်နိုင်ဖို့အတွက် အာကာသယာဉ်ဟာ တစ်နာရီကို မိုင် ၄၃၀,၀၀၀ နူန်းနဲ့ သွားမှာဖြစ်ပြီး မြင်သာအောင် ပြောရမယ်ဆိုရင် နယူးယောက်ခ်မြို့ကနေ တိုကျိုကို တစ်မိနစ်မကြာဘဲ ရောက်ရှိနိုင်တဲ့ နူန်းဖြစ်ပါတယ်။

အဆိုပါလေ့လာမှုကြောင့် ဆိုလာမုန်တိုင်းတွေအကြောင်း၊ အာကာသထဲက ဂြိုလ်တု၊ အာကာသယာဉ်မှူးတွေနဲ့ ကမ္ဘာဂြိုလ်တို့အပေါ် သက်ရောက်မယ့် အာကာသရာသီဥတုကိုလည်း ခန့်မှန်းနိုင်ဖို့ အသေးစိတ်အချက်အလက်တွေကို ပိုပြီး သိရှိလာနိုင်မယ်လို့ သိပ္ပံပညာရှင်တွေက မျှော်မှန်းထားကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)