တက်ဘလီဂီ ဂျာမတ် ဘာသာရေးပွဲ တက်ခဲ့တဲ့ မြန်မာနိုင်ငံသား ၂၂ ဦးကို အိန္ဒိယရဲ ဖမ်းဆီး

0
711

အစိုးရက လူစုလူဝေး မလုပ်ဖို့ တားမြစ်တာကို ဖောက်ဖျက်ပြီး ကျင်းပခဲ့တဲ့ တက်ဘလီဂီ ဂျာမတ် သာဘာရေး အခမ်းအနားကို တက်ရောက်ရာမှာ ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံသား ၂၂ ဦးကို အိန္ဒိယရဲက ဖမ်းဆီးလိုက်ပါတယ်။

သူတို့ဟာ မေလ ၂၇ ရက်နေ့မှာ မြန်မာအစိုးရ ပြန်လာဖို့ အခက်အခဲကြုံနေတဲ့ မြန်မာနိုင်ငံသားတွေ အတွက် စီစဉ်ပေးတဲ့ အထူးလေယာဉ်နဲ့ ပြန်ဖို့ ကြိုးစားစဉ် ဂယာလေဆိပ်မှာ အိန္ဒိယ လူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးလိုက်တာပါ။

ပြီးခဲ့တဲ့ မတ်အတွင်းက ဒေလီမြို့၊ နစ်ဇာမူဒင်ရှိ ဗလီတစ်ခုမှာ လူထောင်ချီ တက်ရောက်တဲ့ ဘာသာရေးပွဲ ကျင်းပပြီးနောက် အဲဒီ အခမ်းအနားကနေ ကိုရိုနာဗိုင်းရပ်စ်ရောဂါဟာ တောမီးလို အိန္ဒိယမှာ ပျံ့နှံ့ခဲ့တာ ဖြစ်လို့ အိန္ဒိယ အာဏာပိုင်တွေက အဲဒီ ဘာသာရေးပွဲနဲ့ ပတ်သက်ပြီး ဖမ်းဆီး စစ်ဆေးတာတွေ လုပ်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အခမ်းအနားကို မြန်မာနိုင်ငံက မွတ်စလင်တချို့လည်း တက်ရောက်ခဲ့တာပါ။

ရဲက စစ်ဆေးမေးမြန်းဖို့ အလိုရှိနေတဲ့ မြန်မာနိုင်ငံသား ၂၂ ဦးဟာ ကိုလ်ကတ္တားကနေ ဂယာကို ရောက်ရှိလာတာ ဖြစ်တယ်လို့ အိန္ဒိယ လူဝင်မှုကြီးကြပ်ရေးက ပြောပါတယ်။ မြန်မာအစိုးရက စီစဉ်တဲ့ ကယ်ဆယ်ရေး လေယာဉ်ဟာ ခရီးသည် ၁၀၄ ဦးနဲ့ ထွက်ခွာဖို့ စီစဉ်ထားတာပါ။

လေယာဉ် မထွက်ခွာခင် ခြောက်နာရီအလိုမှာ ခရီးသည်တွေရဲ့ အသေးစိတ်အချက်အလက်တွေကို အိန္ဒိယ လူဝင်မှုကြီးကြပ်ရေးက ရရှိခဲ့ပါတယ်။ “လူဝင်မှုကြီးကြပ်ရေး စိစစ်တဲ့အခါ ရဲက အလိုရှိတယ်လို့ အကြောင်းကြားထားတဲ့ ခရီးသည် ၂၂ ဦးကို တွေ့ရှိတာ ဖြစ်ပါတယ်၊ ဒါကြောင့် မြန်မာ MNA လေကြောင်းလိုင်းနဲ့ ခရီးသည် ၈၂ ဦးပဲ ပါသွားပါတယ်” လို့ ဂယာ ရဲအကြီးအကဲ ရာဂျစ်ဗ် မီရှရာက ပြောပါတယ်။


____________________

မြန်မာနိုင်ငံသား ၂၂ ဦးကို လေဆိပ်မှာ ဖမ်းဆီးပြီးနောက် စစ်ဆေးမေးမြန်းဖို့ အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးဌာနကို လွှဲပေးလိုက်ပါတယ်။

ဗလီမှာ ဘာသာရေး အခမ်းအနား တက်ခဲ့တဲ့ မြန်မာနိုင်ငံသား ၂၂ ဦးဟာ ဗီဇာ ဥပဒေ ချိုးဖောက်မှု၊ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး အိန္ဒိအစိုးရ ညွှန်ကြားချက်တွေကို မလိုက်နာမှုနဲ့ နိုင်ငံခြားသား အက်ဥပဒေ၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေတို့နဲ့ အရေးယူခံရမှာ ဖြစ်တယ်လို့ အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးဌာနက ပြောပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)