စီမံကိန်းကြောင့် သိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေကို အစိုးရသစ်ဖြေရှင်းပေးဖို့ တောင်းဆို

0
445

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် မြောက်ခင်ရမ်းကျေးရွာ တောင်သူတွေဟာ မြစ်သာရေလှောင်တမံ စီမံကိန်းကြောင့် သိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေကို အစိုးရသစ် အနေနဲ့ ဖြေရှင်းပေးဖို့ တောင်းဆိုနေကြပါတယ်။

ဒီသတင်းကိုတော့ MCN သတင်းထောက် အောင်ဆန်းဦးက ပေးပို့ထားပါတယ်။

မြစ်သာရေလှောင်တမံ စီမံကိန်းကြောင့် ရွှေ့ပြောင်းရမယ့် စင်ပုံရွာ၊ ပနန်းရွာ၊ ယင်းမာရွာ၊ စပါယ်ရွာ စတဲ့ ရွာ(၄) ရွာကို ထားရှိဖို့အတွက် မြောက်ခင်ရမ်းကျေးရွာက ဒေသခံတောင်သူတွေရဲ့ လယ်ယာမြေဧက ၃၀၀ ကျော်ကို ၂၀၀၇ ခုနှစ်က သိမ်းဆည်းခံခဲ့တာပါ။

အဲဒီသိမ်းဆည်းထားတဲ့ လယ်မြေတွေပေါ်မှာ ရွာ ၄ ရွာထဲက တစ်ရွာဖြစ်တဲ့ ယင်းမာရွာက ပြောင်းရွှေ့လာတဲ့ အိမ်ထောင်စု 13 သာ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ အဲဒီနေရာကို ရွှေမြစ်သာရွာသစ်အဖြစ် သတ်မှတ်ထားပြီး လူစည်ကားစေဖို့ အတွက် အနီးအနားကျေးရွာတွေက ရွှေ့ပြောင်းလိုသူတွေကို ကျပ်ငွေ သိန်း ၅၀ နေအိမ်တစ်လုံးနဲ့ လယ်ယာမြေ ၄ ဧက ပေးပြောင်းရွှေ့စေခဲ့ပေမယ့် မူလလယ်သိမ်းခံတောင်သူတွေကို နေထိုင်ခွင့် မပြုခဲ့ဘူးလို့ ပြောပါတယ်။

မြောက်ခင်ရမ်း တောင်သူတွေ သိမ်းဆည်းခံရတဲ့ လယ်မြေဧက ၃၀၀ကျော် အတွက် လျော်ကြေး နစ်နာကြေး တစ်စုံတစ်ရာ လျော်ပေးခဲ့တာမရှိဘူးလို့ လယ်သိမ်းခံတောင်သူတွေက ပြောပါတယ်။ အခုလက်ရှိချိန်မှာတော့ လယ်သိမ်းခံတောင်သူတွေဟာ မြေမဲ့ ယာမဲ့ ဘ၀နဲ့ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

မြောက်ခင်ရမ်းကျေးရွာက လယ်သိမ်းခံ တောင်သူတွေဟာ လယ်ယာမြေများအစားပြန်လည်ရရှိဖို့အတွက် ဂန့်ဂေါမြို့အ၀င် စိုင်ဒူးတံတားက စတင်ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြပါပေမယ့် ထူးခြားမှုမရှိတာကြောင့် မူလတောင်သူတွေက မြေယာလျော်ကြေး ဒါမှမဟုတ် မြေယာအစားပြန်လည်ရရှိဖို့ အစိုးရသစ်ကို တောင်းဆိုနေကြပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)