မန္တလေးမြို့ရှိ မင်္ဂလာဈေး အသစ်ဆောက်မယ့်စီမံကိန်းအပေါ် ဈေးသူ၊ ဈေးသားတွေက ဆန္ဒထုတ်ဖော်

0
379

မန္တလေးမြို့ရှိ မင်္ဂလာဈေး အသစ်ဆောက်မယ့်စီမံကိန်းအပေါ် ဈေးသူ၊ ဈေးသားတွေက  ဆန္ဒ ထုတ်ဖော် ခဲ့ကြပါတယ်။

ဒီအကြောင်းအပြည့်အစုံကို MCN မန္တလေးသတင်းထောက် ကိုမင်းမင်းလတ်က ရိုက်ကူးပေးပို့ထားပြီး  MCN သတင်းထောက်ကေသွယ်က တင်ဆက်ပေးထားပါတယ်။

မန္တလေးမြို့က မီးဘေးသင့်ခဲ့တဲ့ မင်္ဂလာဈေးကို ဈေးသစ်အနေနဲ့ တည်ဆောက်ဖို့ ရှိနေတဲ့အပေါ် ဈေးသူ၊ ဈေးသား ၅၀၀ လောက်က ဇွန် ၃၀ ရက်နေ့၊ နေ့လည် ၁၂ နာရီက  စတင်ကာ ထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ကြတာပါ။

ဒီလို ဆန္ဒထုတ်ဖော်ရာမှာတော့ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ ငြိမ်းချမ်းစွာလှည့်လည်ခြင်းဆိုင်ရာ ဥပဒေတွေနဲ့ အညီ ချမ်းအေးသာဇံမြို့နယ် ရဲစခန်းရဲ့ တရားခွင့်ပြုမိန့်နဲ့ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး မင်္ဂလာဈေးမီးလောင်မှု ဖော်ထုတ်ပေးရေး၊ ဈေးဆိုင်ခန်းများ မူလပုံစံပြန်လည် ရရှိရေး၊ ဈေးသူ ဈေးသားများဆန္ဒ အကောင်အထည် ဖော်ပေးရေးစတဲ့ ကြွေးကြော်သံတွေနဲ့ စီတန်းလှည့်လည်ခဲ့ကြတာပါ။

ဆန္ဒပြဈေးသူ ဈေးသားတွေအနေနဲ့ မူလက ကြွေးကြော်သံ ၆ ခုကို တင်ပြခဲ့ပေမယ့် ကြွေးကြော်သံ ၃ ခုဖြစ်တဲ့ ဈေးသူ/ဈေးသားတွေရဲ့ ဆန္ဒကို ဆန့်ကျင်တဲ့ မြို့တော်ဝန် အလိုမရှိ၊ အစိုးရနဲ့ ပြည်သူအကြား ခလောက်ဆန်သော စည်ပင်ဝန်ထမ်းများ အလိုမရှိ၊ မဲလိမ် မဲခိုးသော စည်ပင်ဝန်ထမ်းများ အလိုမရှိစတဲ့ ကြွေးကြော်သံ ၃ ခုကိုတော့ ရဲစခန်းက ခွင့်ပြုချက် မပေးခဲ့ပါဘူး။

ဈေးသူ ဈေးသားတွေအနေနဲ့ကတော့ သူတို့ရဲ့ တောင်းဆိုချက်တွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့က အကောင်အထည် မဖော်ပေးမချင်း ဆက်လက် ဆန္ဒထုတ်ဖော်မှုတွေကို ပြုလုပ်သွားကြဖို့ စီစဉ်ထားကြတာပါ။

မင်္ဂလာဈေးကို ၁၉၉၈ ခုနှစ်မှာ စတင် တည်ဆောက်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အသစ်ပြန်လည်တည်ဆောက်မယ့်အပေါ် ဈေးသူဈေးသားတွေက ဆန္ဒ ထုတ်ဖော်လာကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)