ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံညီလာခံကို လာမယ့် သြဂုတ်လအတွင်းမှာ ကျင်းပသွားမယ်

0
329

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံညီလာခံကို လာမယ့် သြဂုတ်လအတွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။
ဒီသတင်းကို MCN နေပြည်တော် သတင်းထောက် ခိုင်သဇင်ဦးက သတင်းပေးပို့ထားပါတယ်။

ဒီကနေ့ မနက်ပိုင်းက နေပြည်တော် Horizon Lake View Resort ဟိုတယ်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အစိုးရကိုယ်စား လှယ်အဖွဲ့နဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (CNA)လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့က ခေါင်းဆောင်တွေ ဆွေးနွေးပြီးနောက် (၂၁) ရာစု ပင်လုံညီလာခံကို လာမယ့် သြဂုတ်လအတွင်းမှာ ကျင်းပဖို့ သဘောတူညီခဲ့ကြတယ်လို့ ဦးလှမောင်ရွှေကဆိုပါတယ်။

“အဓိကတော့ မကြာခင်မှာပြုလုပ်မယ့် ငြိမ်းချမ်းရေးညီလာခံနဲ့ ပတ်သက်တဲ့အဓိကအချက်တွေကို ဆွေးနွေးပါတယ်။ ဒီနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဘက်ကရော သြဂုတ်လ နောက်ဆုံးပတ်ထက် နောက်မကျဘဲ ငြိမ်းချမ်းရေးညီလာခံ စတင်သင့်တယ်လို့ နှစ်ဘက်က မူအားဖြင့် ဆွေးနွေးချက်တွေရှိပါတယ်။ နောက်တခုကတော့ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါလာရေး ကိုလည်း ကျနော်တို့ အဓိကထား ဆွေးနွေးကြတယ်။ နောက်ပြီးတော့ မူဘောင်၊ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ ပါဝင်မယ့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်”လို့ ဦးလှမောင်ရွှေက ပြောပါတယ်။

အန်စီအေ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ရေးဆွဲအတည်ပြုရာမှာ ပါဝင်ပေမယ့် NCA လက်မှတ်ရေးထိုးရာမှာ မပါဝင်ကြတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်တွေလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ လာမယ့်ရက်ပိုင်းအတွင်း တွေ့ဆုံကြမယ်လို့ သူက ဖြည့်စွက်ပြော ပါတယ်။ ဒီညီလာခံမှာ ခွဲထွက်ရေးမပါတဲ့ ပင်လုံစိတ်ဓာတ်မျိုးကို အခြေခံပြီးတော့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကဆိုပါတယ်။

အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၈ ဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (EAO Peace Process Steering Team (EAO PPST) ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီအဖွဲ့ဟာ လာမယ့် ၂၁ ရာစုပင်လုံညီလာခံအတွက် မူဝါဒလမ်းညွှန်ချက်ပေးဖို့ စုဖွဲ့ထား တာဖြစ်ပြီး အဖွဲ့ ၈ ဖွဲ့ က ခေါင်းဆောင် ၈ ဦးနဲ့ ပါဝင်ဖွဲ့စည်းထားပြီး ဒီကနေ့ တွေ့ဆုံမှု ဟာ EAO PPST အနေနဲ့တွေ့ဆုံဆွေးနွေးတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)