ချင်းတွင်း မြစ်ကမ်းပါး ပြိုကျမှုကြောင့် ဒေသခံတွေ နေရေးထိုင်ရေး အခက်အခဲတွေနဲ့ ကြုံတွေ့နေ

0
360

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ်ဝန်းကျင်မှာ ချင်းတွင်း မြစ်ကမ်းပါး ပြိုကျမှုကြောင့် ဒေသခံတွေဟာ နေရေးထိုင်ရေး အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။ ဒီသတင်းကို ကေသွယ်က တင်ဆက်ပေးထားပါတယ်။

ချင်းတွင်းမြစ်ကမ်းပါး ပြိုကျမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့ နယ် ကွမ်းတောကျေးရွာအုပ်စု ငွေသောင်ယံရပ်ကွက်က အိမ်ထောင်စု ၃၀ ကျော်ရဲ့ မြေနေရာတွေဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် သြဂုတ်လအတွင်းက မြစ်ရေစီးနဲ့အတူ မျောပါခဲ့ပါတယ်။

ကမ်းပါးပြိုကျမှုတွေကြောင့် နေစရာမရှိတော့သူတွေဟာ ယာခင်းဘေးက မြေနေရာတွေမှာ တစ်လကို ကျပ် ၁သောင်းကျော်ပေးပြီး အိမ်ဆောက် နေထိုင် နေကြရလို့ မြေနေရာအသစ်စီစဉ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ဖောင်းပြင်မြို့နယ်က သက်ဆိုင်ရာ တာဝန်ရှိသူတွေက စီစဉ်ဆောင်ရွက်ပေးမှုမရှိခဲ့ပါဘူး။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးက သာစည်ရွာမှာဆိုရင်လည်း နေအိမ် ၁၀ လုံးခန့်ဟာ ကမ်းပါးပြိုကျမှုမှာ မျောပါပျက်စီးခဲ့ပါတယ်။ သာစည်ကျေးရွာတည်နေရာဟာ စိတ်ချလုံခြုံမှုမရှိတော့တဲ့အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဘဏ္ဍာရေးဝန်ကြီး ဦးတင်ဝင်းက ပြောင်းရွှေ့နေထိုင်ဖို့ မြေနေရာသစ် စီစဉ်ပေးခဲ့ပါတယ်။ အဲဒီမြေနေရာသစ်ထဲမှာ ကယားကျေးရွာဥက္ကဋ္ဌ ဦးချစ်ဝင်း ပိုင်ဆိုင်တဲ့ ဥယာဉ်မြေတွေ ပါဝင်နေတာကြောင့် နေထိုင်ခွင့်မရဖြစ်နေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

အခုနှစ်မိုးရာသီကာလမှာ ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုတွေမှာ ပါဝင်ခံစားနေရတဲ့ ဒေသခံပြည်သူတွေအနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ ကွင်းဆင်းစစ်ဆေးပြီး စီမံဆောင်ရွက်ပေး လာဖို့ မျှော်လင့်နေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)