ဖားကန့်မှာ မြေပြိုမှုကြောင့် သေဆုံးသူတွေ များလာတဲ့အတွက် ရဲစခန်းက သေမှုသေခင်း အမှုမဖွင့်တော့

0
326

ဖားကန့်ဒေသက မြေပြိုမှုကြောင့် သေဆုံးသူတွေ များလာတဲ့အတွက် ဒေသခံရဲစခန်းက သေမှုသေခင်း အဆင့်တောင် အမှုမဖွင့်တော့တာတွေအထိ ရှိနေတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ဖားကန့်ဒေသက မြေစာပုံပြိုလို့ လူအများအပြား သေဆုံးနေရတဲ့ကိစ္စဟာ ထူးခြားတဲ့ ဖြစ်စဉ်မျို မဟုတ်တော့တဲ့ အနေအထားမျိုးထိ ရောက်ရှိနေပြီး ဒေသအာဏာပိုင်ဖြစ်တဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်း သေမှုသေခင်းအဆင့်ထိတောင် အမှုမဖွင့်တော့တဲ့ အခြေအနေရှိနေတယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက MCN သတင်းဌာနနဲ့ သီးသန့်တွေ့ဆုံစဉ် ပြော ကြားလိုက်တာပါ။

ဖားကန့်ဒေသရှိ၊ ဆိုင်တောင် ကျေးရွာအုပ်စု၊ ဝှေခါကျေးရွာက ကျောက်စိမ်းလုပ်ကွက်တစ်ခုမှာ မေလ ၂၃ ရက်နေ့ ည ၈ လောက်က မြေပြိုမှု ဖြစ်ပွားခဲ့ပါတယ်။ အခင်းဖြစ်ပွားပြီး အချိန်အတော်ကြာတဲ့အထိ ဒေသ အာဏာပိုင်တွေက ယာဉ်ယန္တရားတွေ အသုံးပြုရှာဖွေဖို့ ပျက်ကွက်ခဲ့တဲ့အပေါ် သူက အဲ့ဒီလို ပြောကြား လိုက်တာပါ။

ဒီလို မြေစာပုံပြိုကျမှုဖြစ်ပွားခဲု့ရင် ရှာဖွေတွေ့ရှိတဲ့ ရုပ်အလောင်း အရေအတွက်ကိုသာ သေဆုံးစာရင်း ထုတ်ပြန်ကြပြီး အမှန်တကယ် သေဆုံးမှုအရေအတွက်ကိုတော့ ထုတ်ပြန်လေ့ မရှိဘဲ ဖြစ်နေတာပါ။

ဒီလိုစာရင်း ထုတ်ပြန်နိုင်တာမျိုး မရှိတာဟာ ရေမဆေးကျောက် လာရောက်ရှာဖွေကြသူ အချင်းချင်း သတင်းပေးပို့ကြတာမျိုး မရှိတာ၊ ဖားကန့်ဒေသကို ၀င်ရောက်လာတဲ့ ရေမဆေးကျောက် ရှာသူစာရင်းကိုလည်း ကောက်ယူ ထားနိုင်တာမျိုး မရှိတာကြောင့် ဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် ဒီလိုဖြစ်ပွားနေရတာဟာ တရားဥပဒေစိုးမိုးမှု မရှိတာနဲ့အတူ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အုပ်စိုးနေမှုတွေ ရှိနေတာကြောင့်လို့ လည်း ဒေသခံတွေက သုံးသပ်မှုတွေ ရှိနေတာပါ။

ရေမဆေးကျောက် ရှာဖွေကြသူတွေဟာ အနယ်နယ်အရပ်ရပ်က စီးပွားရေးအခက်အခဲကြောင့် လာရောက်ကြသူတွေဖြစ်ပါတယ်။ ဒီလိုပြသနာတွေ နည်းပါးသွားဖို့ဆိုတာဟာ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့အတူ ဆင်းရဲမွဲတေမှု ပပျောက်ရေးက အဓိကကျတယ်လို့ သုံးသပ်မှုတွေ ရှိနေကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)