ထိုင်းဘုရင့် အုတ်ဂူစေတီ ဌာပနာသွင်း အခမ်းအနားကို တားမြစ်တာဟာ တည်ဆဲဥပဒေအရ ဆောင်ရွက်ခြင်းဖြစ်

0
430

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် လင်ဇင်းကုန်း သုသာန်မှာရှိတဲ့ ထိုင်းဘုရင့် အုတ်ဂူစေတီ ဌာပနာသွင်းအခမ်းအနားကို တားမြစ်တာဟာ တည်ဆဲဥပဒေအရသာ ဆောင်ရွက်ခြင်းဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောဆိုလိုက်ပါတယ်။

ဌာပနာသွင်းမယ့် အခမ်းအနားကို ဇွန်လ (၂၇)ရက်နေ့မှာ ကျင်းပသွားဖို့ စီစဉ်ထားပေမယ့် ငါးရက်အလို ဇွန်လ (၂၂) ရက်နေ့မှာ အခုလို တားမြစ်လိုက်တာပါ။ ဒီလိုတားမြစ်တာနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ဒီကနေ့ ဇွန်လ ၂၄ရက် ညနေပိုင်းက သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။

ထိုင်းဘုရင့် အုတ်ဂူဟာ အထောက်အထား မခိုင်လုံသေးဘူးလို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန မှတ်ချက်ပြုထားတာပါ။ ဒါ့ကြောင့် ပြန်လည်တူးဖော်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်ခဲ့ပေမယ့် ဦးစီးဌာနနဲ့ သဘောထား ကွဲလွဲခဲ့ကြတာဖြစ်ပါတယ်။

ထိုင်းဘုရင့် အုတ်ဂူစေတီ ဌာပနာသွင်းအခမ်းအနားကို သီတဂူဆရာတော်ကြီးရဲ့ ဦးဆောင်မှုနဲ့ ပြန်လည် ပြုလုပ်ထားတာပါ။ ဒီအတွက်လည်း ၀န်ကြီးချုပ်က ဆရာတော်ဘုရားကြီးကို တင်ပြလျှောက်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ တင်ပြလျှောက်ထားမှု အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောကြားသွားခြင်း မရှိပါဘူး။ ထိုင်းဘုရင့် အုတ်ဂူ ပြန်လည်တူးဖော်ရေး ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အပါအ၀င် ၀န်ကြီးဌာန (၂)ခုကို တင်ပြထားပြီး နှစ်နိုင်ငံ ဆက်ဆံရေးဖြစ်တာကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနကိုလည်း တင်ပြသွားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)