ထန်းလျက်ဒိုင်တွေ ဈေးနှိမ်ဝယ်ယူ နေတာကြောင့် ထန်းတက်သမားတွေ စားဝတ်နေရေး ခက်ခဲလာ

0
450

စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်အတွင်း ထန်းတက်ပြီး အသက်မွေးဝမ်းကြောင်းပြုသူတွေဟာ ထန်းလျက်ဒိုင်တွေရဲ့ ဈေးဖြတ်ဝယ်ယူမှုတွေကြောင့် စားဝတ်နေရေး အခက်အခဲတွေနဲ့ ကြုံတွေနေရပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ကေသွယ် က သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်ထဲက အိမ်ထောင်စု ၃၀၀ ကျော်ရှိတဲ့ ထိန်ပင်ကားကျေးရွာမှာ နေထိုင်သူအများစုဟာ ထန်းတက်၊ ထန်းလျက်ချက်တဲ့ အလုပ်နဲ့ အသက်မွေးကြသူတွေဖြစ်ပါတယ်။ အခုလက်ရှိ ဈေးကွက်မှာ ထန်းလျက် ၁ ပိဿာကို ၁၅၀၀ ဈေးပေါက်နေပေမယ့် ထန်းလျက်ဒိုင်တွေက ဈေးဖြတ်တဲ့အတိုင်း ရောင်းချနေရတာကြောင့် စားဝတ်နေရေး အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။

ထန်းသမားတွေအနေနဲ့ ထန်းလျက်တွေကို ဆောင်းရာသီအထိ သိုလှောင်ထားနိုင်ပါက ဈေးကောင်းကောင်းနဲ့ ရောင်းချနိုင်မှာဖြစ်ပေမယ့် စားဝတ်နေရေး အခက်အခဲတွေကြောင့် မသိုလှောင်နိုင်ဘဲ ထန်းလျက်ဒိုင်တွေ ဈေးဖြတ်တဲ့အတိုင်း ရောင်းချနေကြရတာပါ။

ထန်းတက်သမားတွေဟာ ကိုယ်ပိုင် ထန်းပင်၊ ထန်းတောမရှိတာကြောင့် ထန်းတောပိုင်ရှင်တွေဆီက ထန်းတစ်ပင်တက်ခ ထန်းလျက် ၃ ပိဿာပေးပြီး အငှားတက်ကြရတာပါ။ ထန်းတက်သမား တစ်ယောက် အနေနဲ့ တစ်ရက်ကို အလွန်ဆုံး ထန်းအပင် ၃၀ လောက်တာ တက်နိုင်ကြပြီး ထန်းလျက် ၂၅ ပိဿာလောက် ရရှိကြပါတယ်။

တစ်ရက် ၂၅ ပိဿာရရှိဖို့အတွက် ထန်းတက်သမား၊ ထန်းရည်အိုးကောက်၊ ထန်းလျက်ချက်၊ ထန်းလျက်လုံး စတာတွေအတွက် မိသားစု ၅ ယောက်လောက် လုပ်ကိုင်ကြရပါတယ်။ ဒါ့အပြင် ထန်းရည်ကနေ ထန်းလျက်ချက်လုပ်နိုင်ဖို့ တစ်ရက်ကို ထင်းဖိုး ၃၅၀၀ ကျပ်လောက် ကုန်ကျပါတယ်။ ထင်းဖိုး၊ ထန်းပိုင်ရှင်ကို ပေးရတဲ့ အဖိုးအခတွေ နုတ်လိုက်ပါက တစ်ယောက်ကို ၁၀၀၀ ကျပ်ဝန်းကျင်လောက်သာ ၀င်ငွေရှိကြတာပါ။

နိုင်ငံတော်အနေနဲ့ လိုအပ်နေတဲ့ ငွေကြေးတွေ ချေးငှားပေးနိုင်ပါက ထန်းလျက်ဈေးကောင်းအထိ သိုလှောင်ထားနိုင်မှာဖြစ်သလို စားဝတ်နေရေးတွေလည်း ပြေလည်နိုင်တယ်လို့ ထန်းတက် ထန်းလျက်ချက်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုနေသူတွေက ပြောပါတယ်။ ဒါ့အပြင် လုပ်အားစိုက်ထုတ်ရတာနဲ့ တန်အောင် လက်ရှိအစိုးရသစ်က ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့လည်း မျှော်လင့်နေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)