မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ တက္ကသိုလ် သမဂ္ဂတွေ နှီးနှောဖလှယ်ပွဲ ကျင်းပမယ်

0
310

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ တက္ကသိုလ်သမဂ္ဂတွေ နှီးနှောဖလှယ်ပွဲကို ဇူလိုင်လ ပထမ အပတ် ထဲမှာ ကျင်းပသွားဖို့ရှိနေပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အောင်ဆန်းဦးက ပေးပို့ထားတာပါ။

နိုင်ငံလုံးဆိုင်ရာကျောင်းသားထုညီလာခံ ကျင်းပနိုင်ရေးအတွက် ရည်ရွယ်ပြီး မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာ အရ တက္ကသိုလ် သမဂ္ဂတွေ နှီးနှောဖလှယ်ပွဲကို ဇူလိုင်လ ၂ ရက်နေ့ ကနေ ၄ ရက်နေ့အထိ သုံးရက်ကြာကျင်းပ သွားမှာဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ပြောပါတယ်။
ဒီဆွေးနွေးပွဲကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ဦးဆောင်ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံ အနှံ့က တက္ကသိုလ်အားလုံးမှာ တက္ကသိုလ် သမဂ္ဂတွေ ပေါ်ထွက်လာဖို့၊ ခိုင်မာတဲ့ တက္ကသိုလ်သမဂ္ဂ ဖွဲ့စည်းပုံ တွေ ရေးဆွဲဖို့၊ ကျောင်းသားအချင်းချင်းအကြား ဆက်ဆံရေး၊ ဆက်သွယ်ရေး အဆင်ပြေချောမွေ့စေဖို့ အဓိက ဆွေးနွေးမှာဖြစ်ပါတယ်။

ဇုလိုင်မှာ ကျင်းပမယ့် တက္ကသိုလ် သမဂ္ဂတွေ တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်နိုင်ဖို့အတွက် တက္ကသိုလ်သမဂ္ဂ တစ်ဖွဲ့ကို ကိုယ်စားလှယ်နှစ်ဦး တက်ရောက်နိုင်ဖို့အတွက် မြန်မာနိုင်ငံအနှံ့က တက္ကသိုလ်တွေကို ဆက်သွယ် အကြောင်းကြားထားပြီးဖြစ်ပါတယ်။ တက္ကသိုလ်သမဂ္ဂမဖွဲ့စည်းရသေးတဲ့ တက္ကသိုလ်တွေက ကျောင်းသား ကျောင်းသူတွေအနေနဲ့လည်း လေ့လာသူအနေနဲ့ တက်ရောက်ကာ ဝေဖန်အကြံပြုလို့ရတယ်လို ပြောပါတယ်။

တက္ကသိုလ် သမဂ္ဂတွေ တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်မယ့် ကျောင်း သားကိုယ်စားလှယ် ဦးရေ အတိအကျ မသိရှိရသေးတဲ့အတွက် တွေ့ဆုံဆွေးနွေးပွဲကျင်းပမယ့် ရက်ကိုသာ သတ်မှတ်နိုင်ပြီး နေရာကိုတော့ အခုလကုန် ပိုင်းလောက်မှ အတိအကျ သတ်မှတ်ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)