စာသင်ကျောင်းနားက အက်ဆစ် စက်ရုံရွှေ့ပြောင်း ပေးဖို့ ဒေသခံများ တောင်းဆို

0
366

စက်ရုံကထွက်တဲ့ အက်ဆစ်အနံ့တွေကြောင့် ကျောင်းသား (၉၆)ရာခိုင်နှုန်း ကျောင်းတက်ပျက်ကွက်နေရတဲ့အတွက် ဆားလင်းကြီးမြို့နယ်က မိုးကြိုးဆာလ်ဖျူရစ် အက်ဆစ်စက်ရုံကို ပြောင်းရွှေ့ပေးဖို့ ဒေသခံတွေ တောင်းဆိုနေကြပါတယ်။

ဒီအကြောင်းအပြည့်အစုံကို MCN သတင်းထောက် နေမင်းခက တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။(ရိုက်ကူး-တင်မာဆွေ၊ မုံရွာ)

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်ထဲက ကံကုန်းကျေးရွာမှာရှိတဲ့ မိုးကြိုးဆာလ်ဖျူရစ် အက်ဆစ်စက်ရုံက ထွက်ရှိတဲ့ အငွေ့တွေကြောင့် အဲ့ဒီကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းက ကျောင်းသား (၉၆) ရာခိုင်နှုန်းအနီးပါး ကျောင်းမတက်ရောက်နိုင်ကြဘဲဖြစ်နေတာပါ။ ဒါကြောင့် စက်ရုံကို ပိတ်ပေးဖို့နဲ့ ဒါမှမဟုတ် ပြည်သူတွေနဲ့ ဝေးကွာတဲ့ နေရာကို ပြောင်းရွှေ့ပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြတာပါ။

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ကပိုင်တဲ့ မိုးကြိုးဆာလ်ဖျုရစ် အက်ဆစ်စက်ရုံဟာ အခြေခံပညာ အထက်တန်းကျောင်းနဲ့ ကိုက် ၅၀ အကွာမှာရှိပြီး ကံကုန်းကျေးရွာနဲ့လည်း ကိုက် ၂၀၀ အကွာရှိနေတာပါ။ ဒီစက်ရုံက ထွက်ရှိတဲ့ အငွေ့တွေကြောင့် အမြင်အာရုံ ယိုယွင်းခဲ့တဲ့ ကလေးငယ်တွေပါရှိနေတယ်လို့ အဲဒီရွာသားတွေက ပြောပါတယ်။

ဒီစက်ရုံ ပတ်ဝန်းကျင် ဒေသမှာ နေထိုင်ကြသူတွေဟာ စိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်း ပြုကြသူတွေ အများစု ဖြစ်ကြပါတယ်။ စက်ရုံကြောင့် စိုက်ပျိုးသီးနှံတွေ အထွက်နှုန်းကျဆင်းမှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီစက်ရုံဟာ စံပယ်တောင်၊ ကြေးစင်တောင်၊ လက်ပံတောင်းတောင် ကြေးနီထုတ်လုပ်ရေး စီမံကိန်းလုပ်ငန်းတွေအတွက် ကြေးနီသန့်စင်ထုတ်လုပ်ရာမှာ အသုံးပြုနိုင်ဖို့ ထုတ်လုပ်နေတာဖြစ်ပါတယ်။ ဒီစက်ရုံကို ဇွန်လ ၁၀ ရက်နေ့က သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်တို့ရောက်ရှိလာခဲ့ကြပြီး စက်ရုံတာဝန်ရှိသူတွေက ရှင်းလင်းတင်ပြမှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဇွန် ၁၅ ရက် ညပိုင်း ၁၁ နာရီခန့်မှာ စက်ရုံကို ပြန်လည် လည်ပတ်ခဲ့ရာ အခုလို အနံ့ဆိုးတွေ ထွက်ရှိလာနေတာကြောင့် ကျောင်းသား၊ ကျောင်းသူတွေ ခွင့်တိုင်ကြားပြီး ကျောင်းမတက်ရောက် နိုင်ခဲ့ကြတာဖြစ်ပါတယ်။

မိုးကြိုး ဆာလ်ဖျုရစ် အက်ဆစ်စက်ရုံဟာ ဒေသခံတွေအတွက် အကျိုးမရှိတဲ့အပြင် ကျန်းမာရေးဆိုင်ရာ ပြသနာတွေရှိနေတာကြောင့် အသစ်တက်လာတဲ့ လက်ရှိအစိုးရလက်ထက်မှာ ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ မျှော်လင့်နေကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)