နှင်းဆီစကားထာ သရုပ်ဆောင်သစ်(၁၄)ဦးဆီက တစ်ဦးလျှင် ငွေ(၉)သိန်း တောင်းတာ သူမဟုတ်ကြောင်း ညိုမင်းလွင် ရှင်းလင်း

0
346

နှင်းဆီစကားထာ ဇာတ်လမ်းတွဲမှာပါဝင် ရိုက်ကူးဖို့ သရုပ်ဆောင်သစ်တွေကို ငွေကျပ် (၉) သိန်းစီ ပေးသွင်းခိုင်းတဲ့ကိစ္စနဲ့ ပတ်သက်ခဲ့ခြင်းမရှိကြောင်း ဒါရိုက်တာညိုမင်းလွင်က ရှင်းလင်းပြောကြားလိုက်ပါတယ်။

လာမယ့် စက်တင်ဘာထဲမှာ ရိုက်ကူးသွားဖို့ရှိနေတဲ့ ဇာတ်လမ်း ၊ ဇာတ်ညွှန်း စာရေးဆရာသွန်းနေစိုးရဲ့ နှင်းဆီစကားထာ ဇာတ်လမ်းတွဲ ပါဝင်ရိုက်ကူးဖို့အတွက် သရုပ်ဆောင်သစ် (၁၄)ယောက်ကို ရွေးချယ်ခဲ့ပြီး စာရေးဆရာသွန်းနေစိုး က သရုပ်ဆောင်သစ်တွေကို သင်တန်းပေးဖို့ အတွက်ဆိုကာ ဒါရိုက်တာ ညိုမင်းလွင်နဲ့ သဘောတူညီချက်မရှိဘဲ တစ်ဦးကို ငွေကျပ် (၉)သိန်းစီ ပေးသွင်းခိုင်းခဲ့ပါတယ်။

ဒါရိုက်တာ ညိုမင်းလွင်ဟာ ဒီကိစ္စမှာ ပါဝင်ပတ်သက်ခဲ့မှုမရှိဘူးလို့ ဇွန်လ ၂၀ ရက်နေ့ ဒီကနေ့မနက်ပိုင်းက ဗဟန်းမြို့နယ်၊ ၀င်္ကဘာလမ်းမှာရှိတဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး(ဗဟို)မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး အခုလိုပြောဆိုလိုက်တာပါ။

ဒီဇာတ်လမ်းတွဲကို လူငယ် သရုပ်ဆောင်အသစ်တွေနဲ့ ရိုက်ကူးသွားဖို့အတွက် ပြီးခဲ့တဲ့မေလပိုင်းက ဒါရိုက်တာညိုမင်းလွင်နဲ့ စာရေးဆရာသွန်းနေစိုးတို့ သဘောတူညီထားခဲ့ပြီး ဇွန်လ (၉)ရက်မှာ ရန်ကုန်မြို့မှာရှိတဲ့ ရှန်ဂရီလာဟိုတယ်မှာ သရုပ်ဆောင်ရွေးချယ်ပွဲတစ်ခုကို ပြုလုပ်ခဲ့ကာ ရွေးချယ်ခံရတဲ့ သရုပ်ဆောင်တွေဆီက သွန်းနေစိုးက ငွေကြေးကောက်ခံခဲ့တာပါ။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး(ဗဟို)အနေနဲ့ကတော့ နှင်းဆီစကားထာဇာတ်လမ်းတွဲရဲ့ ငွေကြေးလိမ်လည်မှုနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးဖို့အတွက် မသက်ဆိုင်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး (ဗဟို)က အတွင်းရေးမှူး (၁) ဦးခင်မောင်ချင်းက ပြောပါတယ်။

နှင်းဆီစကားထာ ရုပ်သံဇာတ်လမ်းတွဲကို လက်ရှိမှာတော့ ဇာတ်လမ်း၊ ဇာတ်ညွှန်း သွန်းနေစိုးဦးဆောင်ပြီး ဒါရိုက်တာ ညိုမင်းလွင်နေရာမှာ ဒါရိုက်တာ မောင်ပြည့်ဝ (ပန်းဝေသီ)က ရိုက်ကူးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)