ဖမ်းဆီးခံအလုပ်သမားတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့ လူဘောင်သစ်ပါတီ ကြေညာချက်ထုတ်ပြန်

0
377

သပိတ်မှောက်အလုပ်သမားတွေနဲ့ ၀န်းရံသူတွေကို ဖမ်းဆီးထိန်းသိမ်းထားတာကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ သပိတ်မှောက်အလုပ်သမားတွေ တောင်းဆိုထားတဲ့ ၃ ပွင့်ဆိုင် ဆွေးနွေးရေးကို အမြန်ဆုံးဆောင်ရွက်ဖို့ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)က ဒီကနေ့ မေလ ၁၉ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။

စစ်ကိုင်းမြို့ကနေ နေပြည်တော်အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြတဲ့ Myanmar Veneer သစ်အချောထည်စက်ရုံက အလုပ်သမားတွေကို မေလ ၁၈ ရက်နေ့ မနေ့က တပ်ကုန်းမြို့အ၀င်မှာ အင်အားသုံးဖြိုခွင်းဖမ်းဆီးလိုက်တဲ့ လုပ်ရပ်ဟာ ရလဒ်ကောင်းတွေကို လွဲချော်စေတဲ့ လုပ်ရပ်အဖြစ် ရှုမြင်သုံးသပ်ကြောင်းနဲ့ ပြဿနာရဲ့ အရင်းခံအကြောင်းကို သေချာစစ်ဆေးပြီး စံနမူနာကောင်းဖြစ်တဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အမျိုးသားရင်ကြားစေ့ရေး အစိုးရသစ်က ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံတော်သမ္မတရဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ မိန့်ခွန်းမှာ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ၃ ပွင့်ဆိုင် ညှိနှိုင်းအဖြေရှာခြင်းကနေ ရလာဒ်ကောင်းများရရှိဖို့ သဘောထားရှိကြောင်း အတိအလင်း ပြောကြားထားတာကြောင့် အစဉ်အလာကောင်းတစ်ရပ်ဖြစ်ပေါ်လာဖို့ မျှော်လင့်ကြောင်းလည်း ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)