၆၉ နှစ်မြောက် အာဇာနည်နေ့ အကြို ဂုဏ်ပြု ရုပ်သံမှတ်တမ်း

0
485

မိုးရာသီဖြစ်တဲ့ ဇူလိုင်လကိုရောက်တိုင်း မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ ရင်ထဲမှာမမေ့နိုင်တဲ့နေစွဲတစ်ခုရှိလို့နေပါတယ်။

၁၉ ဂျူလိုင်မမေ့နိုင်၊မျက်ရည်သွန်းလို့ ဘ၀င်ညိုးဇူလိုင်တစ်ဆယ်ကိုး၊အာဇာနည်နေ့တို့ မမေ့စတဲ့ စာချိုးတွေ ၊ မမေ့နိုင်စရာလွမ်းဆွတ်အောက်မေ့ဘွယ်ရာတွေနဲ့ အတူ ၆၉ နှစ်မြောက်အာဇာနည်နေ့ဟာမိုးရေစက်တွေကြားမှာမျက်ရည်စတွေနဲ့အတူရောက်ရှိလာတော့မှာပါ။
မိုင်းပြပြမိုးသားတွေလွမ်းခြံလို့ထားတဲ့ ၁၉၄၇ ခုနှစ်ရဲ့ မနက် ၁၀ နာရီ ၃၇ မိနစ် မှာတော့ မြန်မာပြည်သူတွေရဲ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ အာဇာနည်ခေါင်းဆောင် ၈ဦးဟာ မသမာသူတွေအာဏာရူးတွေရဲ့လုပ်ကြံမူကြောင့် ကျဆုံးခဲ့ကြရပါတယ်။

မြန်မာနိုင်ငံလွတ်လပ်ရေးမရခင် တစ်နှစ်အလိုမှာဖဆပလ ကြားဖြတ် အစိုးရအဖွဲ့ရဲ့ အမျိုးသားခေါင်းဆောင်တွေလုပ်ကြံခံရလို့ ကွယ်လွန်ခဲ့တဲ့ဇူလိုင် ၁၉ ရက်နေ့ကိုလွတ်လပ်ရေးရပြီးနောက်ပိုင်းအာဇာနည်နေ့ရယ် လို့ သက်မှတ်ခဲ့ပြီးနိုင်ငံတော် အခမ်းအနားတွေနဲ့ ဂုဏ်ပြုခဲ့ကြတာယနေ့ထက်တိုင်ဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င်သခင်မြ- ဘဏ္ဍရေးနှင့် အခွန်တော်ဌာနဦးဘ၀င်း-ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံရေးဌာန၊ ဒီးဒုတ်ဦးဘချို-ပြန်ကြားရေးဌာန
ဦးရာဇတ်- ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန၊မန်းဘခိုင် – စက်မှုလက်မှုနှင့် အလုပ်သမားဌာန၊မိုင်းပွန်စော်ဘွားကြီးစပ်စံထွန်း-တောင်တန်းရေးရာဌာန၊ဦးဘဂျမ်း-ပြန်လည်ထူထောင်ရေးဌာန၊
ဦးအုံးမောင် -ဒုတိယ အတွင်းဝန် လမ်းပန်းဆက်သွယ်ရေးဌာနနဲ့ ရဲဘော်ကိုထွေးတို့ဟာအဲ့ဒီနေ့မှာလုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ကြရပါတယ်။
အာဇာနည်နေ့ကိုလွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်အထိခမ်းနားစွာဂုဏ်ပြုခဲ့ကြပြီး ၁၀ နာရီ ၃၇ မိနစ်မှာ မြန်မာအသံရေဒီယိုစတာတွေကနေ ၀မ်းနည်းခြင်းအထိမ်းအမှတ် ဥသြသံကိုလွင့်ပေးပြီးတစ်နိုင်ငံလုံးနိုင်ငံတော်အလံကို တစ်ဝက်လွင့်ထူကာနိုင်ငံတစ်ဝှမ်းမှာ ပြည်သူများကဝမ်းနည်းစွာနဲ့အလေးပြုခဲ့ကြတာပါ။
မြန်မာနိုင်ငံရေးအပြောင်းအလဲတွေနဲ့အတူ ၁၉၆၂ မှာနိုင်ငံတော်အာဏာကိုဗိုလ်ချုပ်ကြီးနေ၀င်းကသိမ်းယူပြီးနောက်ပိုင်းမှာအာဇာနည်နေ့ကိုအစိုးရအနေနဲ့အကျဉ်းချုံးသာပြုလုပ်ပြီးအာဇာနည်နေ့ကိုမှေးမိန်အောင်ပြုလုပ်ခဲ့ကြပါတော့တယ်။

၁၉၈၈ လူထုအရေးတော်ပုံကြီးနောက်ပိုင်းစစ်အစိုးရလက်ထက်မှာလဲအာဇာနည်နေ့ ကိုနိုင်ငံတော်အဆင့် မပြုလုပ်တော့ ဘဲအာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့မိသားစုဝင်တွေသာ လာရောက်ဂါရ၀ပြုခွင့်ပေးခဲ့ပြီးဥသြဆွဲကာအလေးပြုတဲ့ အလေ့အထကိုလည်းဖျောက်ဖြတ်ပြစ်ခဲ့ကြပါတယ်။

၂၀၁၀ ခုနှစ်မှာအရပ်သားအစိုးရတက်လာခဲ့ပြီးအာဇာနည်နေ့ကိုနိုင်ငံတော် အဆင့်ကျင်းပပေးခဲ့ပေမယ့်အစိုးရသက်တမ်း ၅ နှစ်တာကာလအတွင်းမှာနိုင်ငံတော် ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေအနေနဲ့ ကျဆုံးသွားခဲ့တဲ့အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ဂူဗိမ္မာန်ကိုလာရောက်ဂါရဝပြုတဲ့ ပုံရိပ်တွေကိုတော့ လုံးဝမတွေရတော့တဲ့ အခြေအနေအထိရောက်ရှိလာခဲ့ရပါတယ်။

ဒီနှစ်ကျင်းပတော့မယ့်အာဇာနည်နေ့ အခမ်းအနားဟာထူးခြားမှုတွေနဲ့ ပြည့်နေပြီး ပြည်သူတွေမျှော်လင့်နေတဲ့ အာဇာနည်နေ့ အခမ်းအနားမျိုးကိုပြန်လည်ပြီးမြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်။ အခုနှစ်မှာဆိုရင် ပြည်သူကလေးစား၊ယုံကြည်၊ချစ်ခင်တဲ့ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးသစ်ကဦးစီးပြီးအာဇာနည်နေ့အခမ်းအနားကိုစီစဉ်ကျင်းပတော့မှာ ဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်ကြီးတွေ အပါဝင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပါ တက်ရောက်တော့မှာဖြစ်ပါတယ်။

၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကိုဒီနှစ်မှာတော့ထူးခြားစွာ ပြုလုပ်မှာဖြစ်ပြီးအာဇာနည် ဗိမ္မန် အပါအ၀င် ဗိုလ်ချုပ်ပြတိုက် နဲ့ အာဇာနည်ခေါင်းဆောင်တွေလုပ်ကြံခံခဲ့ရတဲ့ အတွင်းဝန်များရုံးတို့ကို ပြင်ဆင်မူတွေလုပ်နေတာဖြစ်ပြီးဇူလိုင်လ ၁၉ ရက်နေ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာနိုင်ငံပိုင် ရုပ်မြင်သံကြား ၊ ရေဒီယိုစတာတွေကနေအရင်တုန်းကလိုဝမ်းနည်းခြင်းအထိန်းအမှတ်အနေနဲ့ ဥသြဆွဲသံကိုထုတ်လွင့်ပေးသွားမှာဖြစ်တဲ့ အကြောင်းကို MCN သတင်းဌာနက ၆၉ နှစ်မြောက် အာဇာနည်နေ့ အကြို ဂုဏ်ပြု ရုပ်သံမှတ် တမ်းအဖြစ် တင်ဆက်ပေးလိုက်ရတာပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)