နှင်းဆီစကားထာ ဇာတ်လမ်းတွဲကို မျိုးဆက်သစ်လူငယ် အနုပညာရှင်တွေနဲ့ ရိုက်ကူးသွားမယ်

0
342

MWD Digital Channel ကနေ ထုတ်လွှင့်ပြသသွားမယ့် နှင်းဆီစကားထာ ဇာတ်လမ်းတွဲကို မျိုးဆက်သစ် လူငယ်အနုပညာရှင်တွေနဲ့ ရိုက်ကူးသွားမှာဖြစ်ပါတယ်။

လူငယ်ကြိုက်ဇာတ်လမ်းတစ်ခုဖြစ်သလို မြန်မာရုပ်ရှင်လောထဲမှာ လူငယ် သရုပ်ဆောင်အနုပညာရှင်တွေ ပေါ်ထွက်လာစေဖို့အတွက် အခုလို ရိုက်ကူးတာဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲမှာ အပိုင်း(၂၀)ပါဝင်ပြီး စာရေးဆရာ သွန်းနေစိုး ရဲ့ဇာတ်လမ်းကို  ဒါရိုက်တာ မောင်ပြည့်ဝ(ပန်းဝေသီ)က ရိုက်ကူးသွားမှာပါ။

ဒီဇာတ်ကားကို ဇာတ်ညွန်းရေးသားခဲ့တဲ့ ကိုသွန်းနေစိုး က “အရာအားလုံးမှာ စိုးရိမ်စရာ၊ မျှော်လင့်စရာတွေတော့ ရှိစမြဲပါ။ ကျွန်တော်ကတော့ ဒီဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး မျက်နှာသစ်အနုပညာ၇ှင်တွေချည်းပဲဆိုတော့ ပြောရမယ်ဆိုရင် ကိုယ်ပျိုးရမယ့် အပင်လေးတွေကိုမှ အသီးသီးအောင် လုပ်ရတာပါ။ ကျွန်တော် အောင်မြင်မယ်လို့ ယုံကြည်ပါတယ်”လို့ ပြောပါတယ်။

မျိုးဆက်သစ်အနုပညာရှင် ၁၄ ဦးကို ရွေးချယ်ထားပြီး ဇာတ်လမ်းတွဲမရိုက်ကူးခင် နှစ်လ အချိန်ယူပြီး လေ့ကျင့်သင်ကြားမှုတွေကို ပြုလုပ်ပေးသွားမှာပါ။ လူငယ်မျက်နှာသစ် သရုပ်ဆောင်တွေ အားလုံးကို တန်းတူ လုပ်ဆောင်ခွင့်ပေးမယ့် ဇာတ်အိမ်မျိုး ဖန်တီးပေးထားတဲ့အတွက် သရုပ်ဆောင်တွေအနေနဲ့ အကောင်းဆုံး ကြိုးစားနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

သရုပ်ဆောင်အဖြစ် ရွေးချယ်ခံရသူတစ်ဦးဖြစ်တဲ့ ခြူးပန်းနွယ်က “ဇာတ်လမ်းက အရင်ဇာတ်လမ်းတွေနဲ့မတူဘူး။ ဂိမ်းတွေ၊ စကားဝှက်တွေနဲ့ ထူးထူးဆန်းဆန်းတွေ ပါထားတယ်။ အဲ့ဒီအတွက်လည်း ညီမတို့ အများကြီး ကြိုးစားရမှာပါ။ အများကြီးပြင်ဆင်နေပါတယ်”လို့ ပြောပါတယ်။

နှင်းဆီစကားထာ ဇာတ်လမ်းတွဲကိုတော့ လာမယ့်စက်တင်ဘာလပိုင်းမှာ စတင်ရိုက်ကူးသွားမှာဖြစ်ပြီး နှင်းဆီစကားထာ ဇာတ်လမ်းတွဲ (၂)ကိုလည်း ဆက်လက်ရိုက်ကူးသွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)