ရာဇဂြိုလ်ဆည်ကျိုးမှာကို ကလေးမြို့ခံတွေ စိုးရိမ်

0
345

ချင်းပြည်နယ်ထဲက သဘာဝ မြေပြိုကန်တစ်ခု ပွင့်ပေါက်မှု ဇူလိုင်လ ၃ ရက်နေ့က ဖြစ်ပွားခဲ့တာကြောင့် ဆောက် လုပ်နေဆဲ ပထမ နှုန်းတားဆည်ပျက်ဆီးခဲ့ပြီး ရာဇဂြိုလ်ဆည်ကျိုးမှာကို ကလေးမြို့ခံတွေ စိုးရိမ်မှုထပ်မံ ဖြစ်ပေါ် နေပါတယ်။ ဒီအကြောင်း အပြည့်အစံကို MCN သတင်းထောက် မတင်မာဆွေက ရယူပေးထားပြီး ချစ်လင်းဦးက တင်ဆက်ပေးထားပါတယ်။

မနှစ်က ကျရောက်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း ကိုမာန်ရဲ့ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြေပြိုမှုတွေဖြစ်ပေါ်ခဲ့တဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ထဲက ဟန်ကင်ကျေးရွာအနောက်ဘက်ရှိ အကျယ် ဧက ၁၀၀ နဲ့ အနက် ပေ ၂၀၀ လောက်ရှိတဲ့ မြေပြိုကန်အပါအ၀င် မြေပြိုကန် ၈ ခုထဲက တစ်ခု ဇူလိုင်လ ၃ ရက်နေ့ မနက်ပိုင်းက ပွင့်ပေါက်မှုဖြစ်ပွားခဲ့တာပါ။

အဲ့ဒီ မြေပြိုကန် ပွင့်ပေါက်မှုကြောင့် တည်ဆောက်နေတဲ့ နှုံးတားဆည် ၃ ခုထဲက ပထမ နှုံးတာဆည် စီမံကိန်းပါ ပျက်စီးခဲ့ပြီး ရာဇဂြိုလ်ဆည် ရေပိုလွှဲကနေ ဖွင့်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

“ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းမှာ ရေအမှတ်က ၆၄၄.၅ ရှိပါတယ်။ နံနက် ၈နာရီခွဲလောက်မှာ အပေါ်ကနေ ရေတွေကျလာတဲ့အသံတွေကြားလို့ မနက် ၉ နာရီခွဲလောက်ကြည့်လိုက်တဲ့အချိန်မှာ ဒီရေပိုလွှဲကို ရောက်လာပါတယ်။ ရေပိုလွှဲကနေ ကျော်ကျလာတယ်။ လာတဲ့ရေအလုံးကလည်းများတော့ မြေပြိုဆည်ကနေပြီး တော့ ပြိုကျလာတယ်လို့ပဲ ကျွန်တော်တို့ယူဆပါတယ်။ အရင်က ရေကြီးတဲ့အချိန်မှာတောင် အများဆုံး ၃ပေ၊ ၄ပေပဲ တက်တာပါ။ ဒီနှစ်မှာတော့ ရေက ၇ပေခွဲလောက်အထိကို တက်လာပါတယ်”လို့ ဆည်မြောင်းဦးစီးဌာနက ဦးစီးအရာရှိ ဦးသိုက်စိုး ပြောပါတယ်။

အဲ့ဒီလို သဘာဝမြေပြိုကန် ပေါက်ကျမှုကြောင့် တည်ဆောက်နေဆဲ နှုံးတားဆည် ၃ ခုထဲက ပထမ နှုံးတာဆည် စီမံကိန်းက မြေတူး၊ မြေသယ်ကားတွေနဲ့ လုပ်ငန်းသုံးကားနဲ့ ဆိုင်ကယ်တွေ ရေစီးနဲ့အတူ မျှောပါပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

“ကျွန်တော်တို့ ဒီရာဇဂြိုလ်ဆည်ကြီးရဲ့ အထက်ဘက်မှာ သဘာဝရဲ့မြေပြိုကန်ဟာ ၃၅ မိုင်လောက်သာ ကွာဝေးတယ်လို့ ကျွန်တော်တို့သိရပါတယ်။ ရာဇဂြိုလ်ဆည်ရဲ့ ၃ဆ၊ ၄ဆလောက်ကျယ်ဝန်းတဲ့ မြေပြိုကန်ကြီး ဖြစ်နေတယ်လို့ ကျွန်တော်တို့ သိရပါတယ်။ အဲ့ဒါကတော့ သဘာဝဘေးဒဏ်ကြောင့် အဲ့ဒီဆည်ကြီးများ ပေါက်ကျိုးခဲ့ရင် ကျွန်တော်တို့ ဒီရာဇဂြိုလ်ဆည်ဟာလည်း စိုးရိမ်ဖွယ်ရာရှိတယ်လို့ သိရပါတယ်”ဟု ရာဇဂြိုလ် ကျေးရွာနေ ဦးမြင့်စိုးက ပြောပါတယ်။

ဒီလို အခြေအနေတွေ ဖြစ်ပေါ်နေတဲ့အပေါ် ရာဇဂြိုလ်ဆည်ကျိုးပေါက်မှာကို ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြတာလဲဖြစ်ပါတယ်။

“ရာဇဂြိုလ်ဆည်ကို ရေများပြီးမှ ရေတွေထွက်ကျလာတာပါ။ ရေရဲ့နှုန်းထားက ဇူလိုင်လ ၃ရက်နေ့ နံနက်ကစံချိန်နီးနီးရောက်ပါတယ်။ အဲ့ဒီအထက်မှာဆိုရင် နှုန်းတားတမံဆိုပြီး ဆည်မြောင်းကနေ ဆောက်နေတာ ရှိပါတယ်။ အဲ့ဒီနှုန်းတားတမံရဲ့ အောက်ကို အလုပ်လုပ်နေတဲ့ ဆိုင်ကယ်တွေ ကားတွေပါသွားတယ်လို့လည်း ကြားသိရပါတယ်”ဟု ဒေသခံ ဦးဝင်းမြင့်စိုးမှ ပြောပါတယ်။

အခုလို သဘာဝမြေပြိုကန်တွေရဲ့ အန္တရာယ်ကြောင့် ကျရောက်လာမယ့် သဘောဝဘေးအန္တရာယ်တွေ ကြောင့် ဒေသခံတွေ ထိခိုက်မှု လျှော့နည်းအောင် ဒေသခံအစိုးရနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေအနေနဲ့ ကြိုတင် အသိပညာပေးမှုတွေ လိုအပ်နေတာပါ။

“လက်ရှိအစိုးရအနေနဲ့ ယခုအခါ မိုးရာသီကလည်းရောက်နေပြီဆိုတော့ ဘယ်လိုမှ ပြင်ဆင်ချိန်လည်းမရှိ တော့ဘူး။ ပြီးခဲ့တဲ့၂၀၁၆ နွေရာသီတုန်းကလုပ်ခဲ့မယ်ဆိုရင် အချိန်မီမယ်လို့ကျွန်တော်တို့မြင်ပါတယ်။အခုအချိန်မှာ လုပ်မယ်ဆိုရင် မြေပြိုကန်ရဲ့အနေအထားနဲ့ ချင်းပြည်နယ်ရဲ့မြေသားကလုံးဝခိုင်မာမှုမရှိတာအတွက်ကြောင့် ပညာရှင်တွေကလည်းစိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်တယ်ဆိုတဲ့အကြောင်း ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး အစိုးရ အနေနဲ့ဘယ်လိုပုံစံမျိုးလုပ်မယ်ဆိုတာလည်း ဒေသခံတွေကို ချပြတာမျိုးမရှိဘူး။ ကျွန်တော်တို့အနေနဲ့ ဒါနဲ့ ပတ်သက်ပြီး အဖြစ်ချင်ဆုံးဆန္ဒပြောပြရမယ်ဆိုရင် မြေပြိုကန်နဲ့ ပတ်သက်ပြီး ပြိုသည်ဖြစ်စေ၊ မပြိုသည်ဖြစ်စေ သူတို့တွေအနေနဲ့ ဒါကို သိပ်စိတ်မ၀င်စားတော့ပါဘူး။ ဒါပေမယ့် မြေပြိုကန်နဲ့ ပတ်သက်ပြီး သဘာဝဘေး အန္တရာယ်တွေဖြစ်လာခဲ့မယ်ဆိုရင် အစိုးရအနေနဲ့ ဘယ်လိုကာကွယ်မှုတွေလုပ်ပေးထားမယ်။ ဘယ်လိုကြိုတင် ပြင်ဆင်မှုတွေလုပ်ပေးထားမယ်ဆိုတဲ့ကိစ္စတွေတော့ အနီးအနားတစ်ဝိုက်ကျေးရွာမှာရှိနေတဲ့ ဒေသခံပြည်သူ လူထုကို အသိပညာပေးလုပ်ငန်းစဉ်တွေလုပ်သင့်ပါတယ်။ မိုးကလည်းရွာနေတာဆိုတော့ ကြိုတင်ကာကွယ်ရေး အစီအစဉ်တွေကို ချင်းပြည်နယ်မှာရှိနေတဲ့ မြေပြိုကန်အနီးတ၀ိုက်မှာရှိတဲ့ကျေးရွာတွေ နောက်ပြီးအောက်ဘက် က ရာဇဂြိုလ်ဆည်နဲ့အနီးတ၀ိုက်မှာရှိနေတဲ့ ကျေးရွာတွေမှာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်တွေကို အစိုးရ အနေနဲ့ အမြန်ဆုံး ပြင်ဆင်ထားသင့်တယ်လို့ ကျွန်တော်တို့မြင်ပါတယ်”ဟု ကိုကျော်သက်ဝင်း (အထက်ချင်းတွင်း လူငယ်ကွန်ရက်) က ပြောပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီးအစိုးရအပါအ၀င် ပြည်ထောင်စုအစိုးရအနေနဲ့ သဘာဝမြေပြိုကန်တွေရဲ့ အန္တရာယ်ကနေ ကာကွယ်နိုင်အောင် ဆောင်ရွက်ပေးဖို့ ဒေသခံတွေက မျှော်လင့်နေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကလည်း ကလေးမြို့နယ်အတွင်းမှာ သဘာဝ မြေပြိုကန်ကျိုးပေါက်မှုကြောင့် ပျက်ဆီးဆုံးရှုံးမှုတွေ အများ အပြားဖြစ်ပေါ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)