အပူဒဏ်ကာကွယ်ဖို့ ရန်ကုန်မြို့တွင်းလမ်းများ ယာယီအမိုးတွေ ပြုလုပ်လာ

0
336

အယ်နီညိုရာသီဥတုကြောင့် ဖြစ်ပေါ်နေတဲ့ အပူချိန်မြင့်မားနေတဲ့ဒဏ်ကို မြန်မာနိုင်ငံအတွင်းက ပြည်သူတွေ ခံစားနေကြရပါတယ်။

ဒီလို အပူချိန်မြင့်မားတဲ့ ရာသီဥတုကို လျှော့ချနိုင်ဖို့အတွက် ခရီးသွားပြည်သူအများစုဟာ ထီး၊ ဦးထုပ် စတဲ့ အပူဒဏ်ကာကွယ်နိုင်တဲ့ ပစ္စည်းတွေနဲ့ မိမိကိုယ်ကို မိမိ ကာကွယ်ပြီး သွားလာမှုတွေ ပြုလုပ်နေကြရပါတယ်။
ရန်ကုန်မြို့အတွင်းက ရပ်ကွက်အချို့ရဲ့ လမ်းသွယ်တွေမှာတော့ ခရီးသွားတွေ အပူဒဏ်ခံစားရမှု သက်သာစေဖို့အတွက် လမ်းနေလူငယ်တွေ စုပေါင်းပြီး ကိုယ်ထူကိုယ်ထ ယာယီအမိုးတွေ ပြုလုပ်ပေးထားတာတွေလည်း ရှိလာနေတာပါ။ ဒီအစီအစဉ်ကို ရန်ကုန်မြို့က လမ်းမတော်မြို့နယ်နဲ့ တာမွေမြို့နယ် ကျောက်မြောင်းကြီး ရပ်ကွက်အတွင်းက လမ်းသွယ်အချို့မှာ စတင်လိုက်တာဖြစ်ပါတယ်။

စေတနာရှင်လူငယ်တွေ ပြုလုပ်ပေးထားတဲ့ ယာယီအမိုးနဲ့ လမ်းတွေကိုတော့ အခြားလမ်းတွေထက် သွားလာသူ ပိုမိုများပြားလာသလို ရွေ့လျား ဈေးသည်တွေလည်း အများအပြားရှိလာနေတာပါ။

မေလ ၁၀ ရက်နေ့ရဲ့ ရန်ကုန်မြို့တွင်း အပူချိန်ဟာ 41 ဒီဂရီ စင်တီဂရိတ်ရှိနေပြီး အပူဒဏ်ကြောင့် ကိစ္စတစ်စုံတစ်ရာမရှိဘဲ အပြင်ထွက်သူ မရှိသလောက် ပါပဲ။
ဒီလိုပူပြင်းတဲ့ အယ်လ်နီညိုရာသီဥတုအောက်မှာ အခုလို ယာယီအမိုးတွေနဲ့ လမ်းသွယ်လေးတွေ ထွက်ပေါ်လာတာဟာ သွားလာနေကြသူတွေအတွက် အေးချမ်းမှုတစ်ခု ပေးနိုင်တယ်ဆိုတာတော့ မှားမယ်မထင်ပါဘူး။ ဒီလို ယာယီအမိုးပြုလုပ်ပေးခြင်းကို လူသွားလူလာများပြားလှတဲ့ ရန်ကုန်မြို့တွင်းက လမ်းသွယ်တိုင်းမှာ ဖြစ်ပေါ်လာဖို့ သွားလာနေကြသူတွက မျှော်လင့်နေကြတာလည်းဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)