ရွှေအုပ်စုကုမ္ပဏီက ဈေးဖြတ်ဝယ်ယူမှုကြောင့် ရေနံတူးဖော်သူတွေ အရှုံးနဲ့ ရင်ဆိုင်နေရ

0
323

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ် ခင်အေးအုပ်စု နတ်ထိပ်ရေနံမှော်က ရေနံတူးဖော်သူတွေဟာ ရွှေအုပ်စုကုမ္ပဏီက ဈေးဖြတ်ဝယ်ယူမှုကြောင့် အရှုံးပေါ်ပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ် ရေနံကျင်းပိုင်တွေက ပြောပါတယ်။

ဒီသတင်းကို MCN မုံရွာသတင်းထောက် တင်မာဆွေက ရိုက်ကူးထားပြီး နေမင်းခ က သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ်အတွင်းမှာရှိတဲ့ နတ်ထိပ် ရေနံမှော်က ရေနံလုပ်သားတွေဟာ ရေနံတွင်းတစ်တွင်းကို သိန်း ၇၀ ကနေ သိန်း ၈၀ ကြား ရင်းနှီးကြရပြီး ရေနံတစ်တွင်း အောင်ပါမှ ၂ ပေပါအများဆုံးထွက်ရှိတာဖြစ်ပါတယ်။
မုံရွာမြို့အနီးက ကျောက္ကာရေနံချက်ဖိုမှာ လက်ရှိပေါက်ဈေးအရ တစ်ပေပါကို ကျပ် ၉ သောင်းကျော် ပေါက်နေပေမယ့် နတ်ထိပ်ရေနံမှော်က ရွှေအုပ်စုကုမ္ပဏီက တစ်ပေပါကို ကျပ် ၇ နီးပါးသာ ဈေးဖြတ်ဝယ်ယူနေ တာကြောင့် အရှုံးပေါ်နေတယ်လို့ တွင်းပိုင်တွေက ပြောပါတယ်။

ရေနံတွင်းတစ်တွင်းရဲ့ သက်တမ်းဟာ ၁ နှစ်ခွဲခန့်ထုတ်ယူနိုင်ပြီး တစ်ရက်ကို ၁၂ ဂါလံကနေ ၁၃ ဂါလံအထိထုတ်ယူနိုင်တာကြောင့် အလုပ်သမားခနဲ့ ကုန်ကျစားရိတ်နုတ်လိုက်ပါက တွင်းပိုင်အဖို့ တစ်ရက် ၁ သောင်းဝန်းကျင်လောက်သာ အမြတ်ရရှိကြတာပါ။ အဲဒီလို အမြတ်နည်းပါးတာကြောင့် ရင်းနှီးငွေကြေဖို့ မလွယ်ကူသလို ရေနံလုပ်သားတွေအတွက်လည်း စားဝတ်နေရေး အဆင်မပြေဘူးလို့ ပြောပါတယ်။

ရေနံဈေးကွာဟမှုကို ပုလဲမြို့နယ်အုပ်ချုပ်ရေးမှူးကို ညှိနှိုင်းဖို့ ပြောကြားခဲ့ပေမယ့် ပြည်ထဲရေးဝန်ကြီး ဌာနမှာ တရားဝင် ရွာအမည်မပေါက်သေးတာကြောင့် ညှိနှိုင်းပေးဖို့ အဆင်မပြေကြောင်း ပြန်လည်ပြောကြား ခဲ့တယ်လို့ ရေနံတွင်းပိုင်တွေက ပြောပါတယ်။
အင်တာဗျူး ဦးစိုးနိုင်ဝင်း (တွင်းပိုင်၊ နတ်ထိပ်ရေနံမှော်)

နတ်ထိပ်ရေနံမှော်က ထွက်ရှိတဲ့ ရေနံဟာ မသန့်စင်မီ တစ်လုံးထိုး တရုတ်အင်ဂျင်တွေထဲ ထည့်ပြီး တိုက်ရိုက်အသုံးပြုလို့ရတဲ့အထိ အရည်အသွေးကောင်းမွန်တယ်လို့ ပြောပါတယ်။ အဲဒီလို ကောင်းမွန် တာကြောင့် တွင်းပိုင်တွေနဲ့ ရေနံလုပ်သားတွေဟာ ရေနံဈေးကွက် ကွာဟမှုနည်းပါးအောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ကြပ်မတ်ဆောင်ရွက်ပေးဖို့ မျှော်လင့်နေကြတာပါ။
နတ်ထိပ်ရေနံမှော်ကို ၂၀၀၂ ခုနှစ်မှာ အနယ်နယ်အရပ်ရပ်က ရေနံတူးဖော်သူတွေ လာရောက်တူးဖော်ရာကနေ အစပြုနေထိုင်ခဲ့ကြတာဖြစ်ပါတယ်။ အခုလက်ရှိအချိန်မှာ အိမ်ထောင်စုပေါင်း ၂၀၀ကျော်နဲ့ လူဦးရေ ၁၀၀၀ ၀န်းကျင် နေထိုင်နေပြီး ရေနံတူးဖော်တဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြု နေထိုင်ကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)