သမိုင်းပျက်မှာစိုးလို့ ရုံမတင်တဲ့ ကျော်သူ့ မှတ်တမ်းရုပ်ရှင်

0
423

 

ရုပ်ရှင်သရုပ်ဆောင်လည်းဖြစ်၊ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ ဥက္ကဋ္ဌ တစ်ဦးလည်းဖြစ်တဲ့ ကျော်သူရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ Walking A Fine Line  မှတ်တမ်းရုပ်ရှင်ကို ဇွန်လ ၂၃ ရက်နေ့က ကမာရွတ်မြို့မှာရှိတဲ့ Studio 35 မှာ ပြသခဲ့ပါတယ်။

ဒီဇာတ်ကားကို 2015 ခုနှစ်အတွင်းက ဆွီဒင်နိုင်ငံမှာ ပထမဆုံးပြသခဲ့တာဖြစ်ပြီး အဲ့ဒီနောက် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ပြသခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပြသချိန်မှာတော့ ဆင်ဆာဖြတ်တောက်မှုအခက်အခဲတွေကြောင့် ရုံတင်ပြသခွင့်မရှိခဲ့ပါဘူး။

“အဲ့တော့ ပြောင်းလဲချိန်တန်ပြီဆိုတာ ဘာကိုပြောတာလဲတော့ မသိဘူး။ ကျွန်တော် အားနာနာနဲ့ပြောပါရစေ။ ဒီဟာကို ဆင်ဆာတင်မှ ရုပ်ရှင်ရုံမှာပြသခွင့်ရမယ်ဆိုတဲ့ မူဝါဒရှိတယ်။ အဲ့တော့ ဆင်ဆာတင်ရင်တော့အဖြတ်ခံရမှာပဲ။  အဲ့တော့ အဖြတ်ခံရရင် သမိုင်းပျက်တယ်။ အဖြတ်မခံချင်လို့ ကျွန်တော် Public ရုံမှာပြတယ်။ မန္တလေးကျရင်လည်း ကျွန်တော် Mega Age မှာပြဖို့စီစဉ်ထားတယ်။ ဖိတ်စာတွေရေးထားပြီးပြီ။ မနေ့ကပဲစာထွက်လာတယ်။ ဆင်ဆာ တင်ပြီးသားကားမှ ရုပ်ရှင်ရုံမှာပြသခွင့်ရမယ်။ အဲ့ဒီတော့ရတယ်၊ ကျွန်တော် ဘုန်းကြီးကျောင်း သွားပြမယ်၊ ဒါတောင်ဘုန်းကြီးကျောင်းမှာ ဘာပြဿနာလာတက်မလဲမသိဘူး”လို့ ဦးကျော်သူက ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု The World Moment for Democracy အဖွဲ့က ၂၀၀၄ ခုနှစ်မှာ လာရောက်ရိုက်ကူး ဒီမှတ်တမ်းရုပ်ရှင်ဟာ ကျော်သူရဲ့ ဘ၀တစ်လျှောက်တွေ့ကြုံခဲ့ရတဲ့ ဖြစ်ရပ်အမှန်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါ့အပြင် ကျော်သူရဲ့ ၈၈ အရေးအခင်းလှုပ်ရှားမှုတွေ၊ သံဃာ့အရေးအခင်း လှုပ်ရှားမှုတွေမှာပါဝင်ထားတဲ့ ဖြစ်ရပ်မှန်တွေ၊ ပရဟိတလှုပ်ရှားမှုတွေကို ဒီမှတ်တမ်းရုပ်ရှင်မှာ တွေ့မြင်ရမှာပါ။

“ဆွီဒင်နဲ့ US မှာပြခဲ့တယ်။ ဘာမှအခက်အခဲမရှိခဲ့ဘူး။ဒါပေမယ့်လို့ ဒီမှာလုပ်တဲ့အချိန်မှာ တကယ်ကိုခက်ခက်ခဲခဲနဲ့ကိုလုပ်ခဲ့ရတာပေါ့။မနေ့ညကအထိကို ဆက်ပြရမလား မပြရမလား အဲ့လိုမျိုးတွေဖြစ်တယ်။နောက် ဒီ Studio မှာပြမယ်ဆိုတော့လည်း တခြားစိတ်အနှောင့်အယှက် ဖြစ်စရာတွေ ရှိခဲ့တယ်ပေါ့လေ” ပွဲဖြစ်မြောက်ရေးစီစဉ်သူ မသီတာက ဆိုပါတယ်။

Walking A Fine Line မှတ်တမ်းရုပ်ရှင်ကို ရန်ကုန်နဲ့ မန္တလေးမှာပြသသွားဖို့ရည်ရွယ်ထားပြီး DVB သတင်းဌာနကနေ ဇူလိုင်လ ငါးရက်နေ့ ညဆယ်နာရီခွဲအချိန်မှာ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)