ခိုးဆိုးလုနှိုက်ရုပ်ရှင်ဇာတ်ကား စတင်ပြသသည့်ရက်တွင် ပရိသတ်အားပေးမှုတခဲနက် ရရှိ

0
419


ခိုးဆိုးလုနှိုက်ရုပ်ရှင်ဇာတ်ကားကို ဇူလိုင်လ ၁၅ ရက်နေ့က တစ်နိုင်ငံလုံးရုံတင်ပြသခဲ့ပြီး ပါဝင်ကြတဲ့သရုပ်ဆောင်တွေက သမ္မတရုပ်ရှင်ရုံတွေမှာပရိသတ်တွေနဲ့တွေ့ဆုံ
အမှတ်တရ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အေးမြတ်က သတင်းပေး ပို့ထားပါတယ်။
သဘာဝဇာတ်ရုပ်ပေါ်အောင် သရုပ်ဆောင်နိုင်တယ်လို့ ပရိသတ်တွေက အသိအမှတ်ပြုထားတဲ့ သရုပ်ဆောင်ခင်လှိုင်၊ မြင့်မြတ်၊ ထွန်းထွန်၊ နေဒွေးနဲ့ သင်ဇာဝင့်ကျော်တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ခိုးဆိုးလုနှိုက် ရုပ်ရှင်ဇာတ်ကားကြီးဟာ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)ရဲ့ ပွဲဦးထွက်ရုပ်ရှင်ကား တစ်ကားဖြစ်ပြီး တစ်နှစ်ကျော်ကြာ ရိုက်ကူးခဲ့ရတာပါ။

“ရင်ခုန်တာကတော့ မပြောနဲ့။ မအိပ်ရတာဆို တစ်ပတ်လောက်ရှိပြီ။ မနက် ၄နာရီဆို နိုးသွားတယ်။ စိတ်တွေအရမ်းပူပြီးတော့ပေါ့။ ဒါ ပထမဦးဆုံးကားကို ရုံတင်ရတော့မယ်ဆိုတော့ ဒါ ဒါရိုက်တာတိုင်းရဲ့ ဖြစ်တတ်တဲ့ စိတ်ပေါ့နော်။ အဲ့တော့ ကိုယ့်ကားလေးကို ပထမဆုံးရုံတင်လိုက်တဲ့အချိန်မှာ လူတွေအဲ့လို ပရိတ်သတ်ကြီးကို အဲ့လိုမြင်လိုက်ရတဲ့အခါ တအားအတိုင်းမသိဝမ်းသာမိတယ်။ ကိုယ့်ကိုယ်ကိုယ် မျက်ရည်မကျတာ အမှန်ပါပဲ” လို့ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)က ပြောပါတယ်။
ဒီရုပ်ရှင်ကားကို ဆရာတော်ဦးသောမရဲ့ တရားတော်ထဲကနေ ကောက်နုတ်ကာ ဇာတ်လမ်းဖန်တီး ထားတာဖြစ်ပြီးမကောင်းတဲ့ပတ်ဝန်းကျင်မိဘတွေကနေဆင်းသက်လာခဲ့ကြပြီး မကောင်းတဲ့နယ်ပယ် ထဲ ကို တွန်းပို့ခံလိုက်ရတဲ့ ကလေးတွေဘ၀အကြောင်းပြန်လည်ပုံဖော်ရိုက်ကူးထားတာပါ။
ဒီရုပ်ရှင်ဇာတ်ကားမှာ မကောင်းတဲ့ပတ်ဝန်းကျင်း စရိုက်တွေနဲ့ အတူကြီးပြင်းလာခဲ့ရတဲ့ နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်နေဒွေးကတော့ ၀ါရင့်သရုပ်ဆောင်တွေနဲ့လက်တွဲ သရုပ်ဆောင်ခဲ့ရတဲ့ အတွက် သူ့အနေနဲ့ အများကြီးအားထုတ်ခဲ့ရတယ်လို့ပြောပါတယ်။

“တစ်ကားလုံးမှာ ကျွန်တော်တို့ စိတ်တူကိုယ်တူ တစ်ယောက်နဲ့တစ်ယောက် သူသာဖို့ ကိုယ်သာဖို့ လုံးဝမရှိပါဘူး။ ကျွန်တော်တို့ ညီအစ်ကိုလိုပဲ။ တစ်ယောက်လိုအပ်ချက် တစ်ယောက်အားနည်းချက်တွေကို အကုန်ဖြည့်ဆည်းပေးပါတယ်။ အဓိက ကတော့ ဒီကားထဲမှာ ကျွန်တော်က ၀ါအနုဆုံး ဖြစ်တဲ့အတွက် ကျွန်တော့်ရဲ့ အားနည်းချက်တွေ ကျွန်တော့်ရဲ့ လိုအပ်ချက်တွေကို အားလုံးကဖြည့်ဆည်းပေးတယ်ပေါ့နော်။ အဲ့ဒါညီသွားတယ်ပေါ့။ မှတ်မှတ်ရရ ၁နှစ်ကျော်ကျော်လောက်ရှိတဲ့အချိန်မှာတော့ တော်တော်ကြိုးစားရတယ်။ အရမ်းလည်း ပင်ပန်းပါတယ်။ အရမ်းလည်း အားထုတ်ခဲ့ရတဲ့ကားလေးပါ” လို့ သရုပ်ဆောင်နေဒွေးက ပြောပါတယ်။

ဒီဇာတ်ကားကို မိုး ဗီဒီယိုထုတ်လုပ်ရေးက ရိုက်ကူးခဲ့တာဖြစ်ပြီး နေစိုးသော်ရဲ့ ဇာတ်ညွှန်းကို ဈာန်သခင်သွေး က ဇာတ်လမ်းပုံဖော်ပေးထားတာပဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)