CRPP အဖွဲ့ဝင် တိုင်းရင်းသား မဟာမိတ်ပါတီတွေနဲ့ NLD ညှိနှိုင်းသွားမယ်

0
284

၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ CRPP အဖွဲ့ဝင် တိုင်းရင်းသား မဟာမိတ်ပါတီတွေနဲ့ ညှိနှိုင်းသွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဇူလိုင် ၁၁ ရက် ရွေးကောက်ပွဲဝင်ဖို့ဆုံးဖြတ်ချက် သတင်းစာရှင်းလင်းပွဲမှာ မဟာမိတ်တိုင်းရင်းသားပါတီတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ရှိမရှိ မေးခွန်းကို ဖြေကြားစဉ် ဒေါ်အောငဆန်းစုကြည်က ပြောကြားလိုက်တာဖြစ်ပါတယ်။

ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်က ပြည်နယ်တွေက တိုင်းရင်းသားပါတီတွေအနေနဲ့ သူတို့အချင်းချင်းကြားမှာတင် ညီညွတ်မှုရရှိအောင် ဖြေရှင်းရမယ့်ကိစ္စတွေ အများအပြားရှိနေပြီး အဲ့ဒီဒေသတွေမှာ NLD အနေနဲ့ တိုင်းရင်းသားပါတီတွကြား ရင်ကြားစေ့ရေးရရှိအောင် အဓိက ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ကတော့ လာမယ့် ရွေးကောက်ပွဲမှာ ပြည်ထောင်စုအမြင်နဲ့ ဆန္ဒမဲပေးမယ့် မဲဆန္ဒနယ်မြေတွေမှာ အဓိကထား ယှဉ်ပြိုင်သွားမယ်လို့ ပြောကြားလိုက်တာပါ။ အပြည့်အစုံကို ရုပ်သံသတင်းပေးပို့ချက်မှာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။
—-
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP ကို ၁၉၉၀ ပြည့်နှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲရလဒ်နှင့်အညီ ပြည်သူ့လွှတ်တော်ပေါ်ပေါက်ရေးနဲ့ လွှတ်တော်လို ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး ၁၉၉၈ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် ရှမ်း၊ ရခိုင်၊ မွန်နှင့် ဇိုမီးစတဲ့ တိုင်းရင်းသားပါတီတွေက ရွေးကောက်တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၂၅၁ ဦးက လက်မှတ်ရေးထိုးကာ လုပ်ပိုင်ခွင့် အပ်နှင်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ စစ်အုပ်ချုပ်ရေးကာလတလျှောက်လုံးမှာတော့ တရားမ၀င်အသင်းအဖြစ် ပြောဆိုခံရလေ့ရှိခဲ့ပြီး ပါတီခေါင်းဆောင်တွေကိုလည်း နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)