နိုင်ငံရေးပါတီမိတ်ဆက် (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ)

0
213

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် သုတေသနမှူး ဦးစိုင်းထွန်းအေးက ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။ အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

မိုင်ဆွန်ခ။ အားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံပြီး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ ကြပါစေလို့ ဦးစွာပထမ ကျွန်တော့်အနေနဲ့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော် ကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အ¸ဝင် သုတေသနမှူး ဦးစိုင်းထွန်းအေးဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံကို ငြိမ်းချမ်းသာယာ ၀ပြောတဲ့ ဖက်ဒရယ်ပြည်ထောင်စုအဖြစ်တည်ဆောက်ကြတဲ့အခါမှာ အထောက် အကူဖြစ်စေဖို့နဲ့ လက်ရှိကာလ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ် တည်ငြိမ် ချောမွေ့စေဖို့အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒတွေကို တင်ပြသွားမှာဖြစ်ပါတယ်။

လေးစားအပ်တဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမ မဲဆန္ဒရှင် မိဘပြည်သူများ ခင်ဗျား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူ ယှဉ်တွဲနေထိုင်လျက်ရှိတဲ့ တိုင်းပြည်တစ်ခုဖြစ်ပါတယ်။

ပြည်ထောင်စုကြီးတစ်ခုလုံး ရဲ့လွတ်လပ်ရေး၊ အချုပ်အခြာတည်တံ့ခိုင်မြဲရေးနဲ့ ဖွံ့ ဖြိုးတိုးတက်ရေးကို တိုင်းရင်း သားလူမျိုးတွေရဲ့ ညီညွတ်မှုအင်အားနဲ့သာလျှင် ထိန်းသိမ်းဖော်ဆောင်နိုင် မယ်လို့ ကျွန်တော်တို့က စွဲမြဲစွာယုံကြည်ထားပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ တိုင်းရင်းသားမျိုးနွယ်စုတွေ စုပေါင်းနေထိုင်လျက်ရှိတဲ့ တိုင်းပြည်တစ်ခုဖြစ်တာနဲ့ အညီ တန်းတူညီမျှရေး သဘောတရားဟာလည်းပဲ မရှိမဖြစ်လိုအပ်တဲ့အခြေခံ သဘောတရား တစ်ရပ်ဖြစ်ပါတယ်။

ဒီနေရာမှာ ကျွန်တော့်အနေနဲ့ SNLD ပါတီရဲ့မူဝါဒကို မဲဆန္ဒရှင်မိဘပြည်သူ တွေသိဖို့ အနည်းငယ်ရှင်းပြချင်ပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီဟာ ရှမ်းပြည်နယ်ကို အခြေခံပြီး ဖွဲ့စည်းတည်ထောင်ထား တဲ့ ပြည်ထောင်စုပါတီတစ်ခုဖြစ်ပါတယ်။ စတင်ထူထောင်ခဲ့တဲ့ ၁၉၈၈ ခုနှစ် ကတည်းက ယနေ့ကာလထိတိုင် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကျရာကဏ္ဍတိုင်းမှာ မဆုတ်မနစ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။

SNLD ဟာ ရှမ်းအမျိုးသားတို့ရဲ့ သမိုင်းမှာ ရင့်ကျက်တဲ့၊ တည်ငြိမ်တဲ့၊ ရိုးသားတဲ့နိုင်ငံရေးပါတီတစ်ရပ်အဖြစ် ရပ်တည်ခဲ့တဲ့ ပါတီတစ်ခုလည်း ဖြစ်ပါ တယ်။ အထူးသဖြင့် စတင်အခြေတည်စဉ်ကတည်းက ချမှတ်ခဲ့တဲ့ ဖက်ဒရယ် ပြည်ထောင်စုထူထောင်ရေး၊ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးစတဲ့ တာဝန်တွေကို မပြောင်းမလဲ၊ မယိမ်းမယိုင်၊ ခိုင်ခိုင်မြဲမြဲ လက်ကိုင်စွဲပြီးနှစ်ပေါင်း များစွာ ကြံ့ကြံ့ခံရပ်တည်လာနိုင်ခဲ့ခြင်းဟာ ထင်ရှားတဲ့သက်သေ ဖြစ်ပါတယ်။

ကျွန်တော်တို့ပါတီရဲ့ မူဝါဒကတော့ ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်အပေါ်မှာ အခြေခံထားပါတယ်။ ပင်လုံကတိကဝတ်အတိုင်း တိုင်းရင်းသားတွေ လိုလားတဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးကို တောင်းဆိုတိုက်ပွဲဝင် လျက်ရှိပါတယ်။

အမျိုးသားတန်းတူရေးဆိုတာက ဗမာတစ်ကျပ်ရသလို ရှမ်းလည်းတစ်ကျပ် ရရမယ်။ ဗမာက သမ္မတဖြစ်ခွင့်ရှိသလို အဲဒီအခွင့်အရေးမျိုး ရှမ်းမှာလည်း ရှိရမယ်။ ကချင်၊ ကရင်၊ မွန်မှာလည်းရှိရမယ်။ ဗမာတစ်ယောက်က စစ်ရေးတော်လို့ ကာကွယ် ရေးဦးစီးချုပ်လုပ်နိုင်သလို ရှမ်းကလည်းစစ်တိုက်တော်တဲ့သူဖြစ်ရင်ကာကွယ်ရေး ဦးစီးချုပ်တက်လုပ်နိုင်ရမယ်။ ဘယ်လူမျိုးမဆို တော်ရင်တော်တဲ့အလျောက် နေရာ ရှိရမယ်။ အခွင့်အရေးတန်းတူ ရှိစေရမယ်။ ဘယ်သူကမှ သခင်မဟုတ်ဘူး။ ဘယ်သူမှ ကျွန်မဟုတ်ဘူး။ ဒါကိုအမျိုးသားတန်းတူရေးလို့ နားလည်ထားပါတယ်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတာကတော့ ရှမ်းလူမျိုးတွေနေတဲ့နေရာမှာ ရှမ်းတွေက အုပ်ချုပ်ရမယ်။ ရှမ်းလူမျိုးတွေကပဲ ဥပဒေပြဋ္ဌာန်းပြီး ကိုယ်ရဲ့ရပိုင်ခွင့်ကို ကိုယ် တိုင်ကာကွယ်ပိုင်ခွင့်ရှိရမယ်။ ထိုနည်းလည်းကောင်းပဲ ဗမာလည်း ဗမာအလျောက်၊ ရခိုင်လည်းရခိုင်အလျောက် ကိုယ့်ရဲ့အခွင့်အရေးကို ကိုယ်ကိုယ်တိုင် ထိန်းသိမ်း စောင့်ရှောက်နိုင်ရမယ်။ ဒါဟာ ပင်လုံစာချုပ်ထဲမှာပါတဲ့ ပင်လုံကတိကဝတ်နဲ့ဆိုင်တဲ့ အနှစ်သာရတွေပဲ ဖြစ်ပါတယ်။

တိုင်းရင်းသားအားလုံး ဥမကွဲသိုက်မပျက် နေထိုင်နိုင်ရေးဟာ ကျင့်သုံးတဲ့ နိုင်ငံရေးစနစ်အပေါ်မှာ အခြေခံပါတယ်။ SNLD ပါတီရဲ့ နိုင်ငံရေးမူဝါဒထဲမှာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ဆိုတာ ပါပါတယ်။ ဖက်ဒရယ်စနစ်ဟာ နိုင်ငံ အတွင်းမှာရှိတဲ့ မတူကွဲပြားခြားနားတဲ့ ယဉ်ကျေးမှု၊ ဘာသာစကား၊ ကိုးကွယ် ယုံကြည်မှုစတာတွေကို အသိအမှတ်ပြုတဲ့စနစ်ဖြစ်ပါတယ်။ နိုင်ငံတစ်ခုအတွင်း မှာရှိတဲ့ လူမျိုးရေးပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ ဖက်ဒရယ်စနစ်ကသာ အထိရောက်ဆုံး ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ ဖက်ဒရယ်စနစ်ဟာ သမိုင်းကြောင်းအရ သီးခြားဝိသေသလက္ခဏာရှိတဲ့နယ်မြေဒေသတစ်ခုနဲ့ တစ်ခုအကြား၊ လူမျိုးတစ်မျိုး နှင့် တစ်မျိုးအကြား အပြန်အလှန်နားလည်ယုံကြည်လက်ခံကြပြီး အတူတကွ တိုင်းပြည်တစ်ခုအဖြစ် ဖွဲ့စည်းနေထိုင်ကြမယ်ဆိုတဲ့ အတွေးအမြင် အယူအဆ တစ်ခုဖြစ်ပါတယ်။

ဒါကြောင့် တိုင်းရင်းသားအချင်းချင်း တစ်ဦးနဲ့တစ်ဦး၊ လူမျိုးတစ်မျိုးနဲ့တစ်မျိုး အကြား အပြန် အလှန်လေးစားမှ၊ အပြန်အလှန်ယုံကြည်မှ၊ အပြန်အလှန်အသိအမှတ် ပြုမှသာ ငြိမ်းချမ်းတဲ့ ပြည်ထောင်စုကို တည်ဆောက် နိုင်မှာဖြစ်ပါတယ်။ အေးအတူ ပူအမျှ လက်တွဲနေထိုင်နိုင်မှာ ဖြစ်ပါတယ်။ ဗမာလူမျိုးကလည်း ရှမ်းလူမျိုးကို လေးစား သလို ရှမ်းလူမျိုးကလည်း ကချင်လူမျိုးကို လေးစားရမယ်။ ဒါမှသာလျှင် ငြိမ်းချမ်းတဲ့ ပြည်ထောင်စုအဖြစ် ထာဝရတည်တံ့နိုင်မှာ ဖြစ်ပါတယ်။

တစ်ဦးပေါ်တစ်ဦး အနိုင်ကျင့်နေမယ်၊ တစ်ဦးပေါ်တစ်ဦး ဗိုလ်ကျစိုးမိုးနေမယ်၊ အားကြီးတဲ့သူက အားနည်းတဲ့သူကို အနိုင်ကျင့်မယ်၊ ပညာအရာမြင့်မားသူ၊ စီးပွားဥစ္စာ ပြည့်စုံသူက နိမ့်ကျသူကို အမြတ်ထုတ်နေမယ်ဆိုရင် ဘယ်လိုမှ ငြိမ်းချမ်းသာယာတဲ့ ပြည်ထောင်စုကို တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ တစ်ဦးရဲ့အခွင့်အရေးကို တစ်ဦးက စော်ကားအမြတ်ထုတ်တဲ့အခါ တစ်ဦးကလည်း သူ့ရဲ့အခွင့်အရေးတွေကို ကာကွယ် ဖို့လုပ်ရင်းနဲ့ စစ်ပွဲတွေပဋိပက္ခတွေပေါ်ပေါက်လာခဲ့ရတာ သမိုင်းစာမျက်နှာမှာ ထင်ရှား လာခဲ့ပြီးဖြစ်ပါတယ်။ လှံကိုလှံချင်း ဓားဓားချင်းဖြေရှင်းခဲ့ကြသလို နှစ်ပေါင်း ၆၀၊ ၇၀ ကြာလာပေမယ့်လည်း ဘယ်သူကမှ အနိုင်မရခဲ့ကြပါဘူး။ ရှမ်းစကားပုံတစ်ခုလိုပါပဲ။

ခွေးကသန်းကိုကိုက်ပေမယ့်လည်း သန်းမသေသွားဘူး။ သန်းက ခွေးကို အမြဲကိုက်နေ သော်လည်း ခွေးကသေ မသွားပါဘူး။

ကြားထဲက ဒုက္ခခံရတာကတော့ အပြစ်မဲ့ပြည်သူတွေနဲ့ ကလေးသူငယ်တွေပဲ ဖြစ်ပါတယ်။ စစ်ဘေးစစ်ဒဏ်ကြောင့် ဒုက္ခရောက်ရတယ်။ ကိုယ်လုပ်ကိုင်စားသောက် နေတဲ့ နယ်မြေဒေသကို စွန့်ခွာထွက်ပြေးကြရတယ်။ ဒါဟာ အင်မတန်မှ ဝမ်းနည်းစရာ ကောင်းပါတယ်။ ဒါတွေဘာကြောင့်ဖြစ်ရသလဲ။ တစ်ဦးနဲ့တစ်ဦးတန်းတူမဆက်ဆံ ကြလို့ပါပဲ။ တန်းတူရေးကို အသိအမှတ်မပြုလို့ပါပဲ။ ဒါကြောင့် ဒီအခွင့်အရေးတွေ ရရှိဖို့အတွက် ဒီနေ့ထိတိုင် SNLD ပါတီက မရပ်မနားတိုက်ပွဲဝင်တောင်းဆိုနေခြင်း ဖြစ်ပါတယ်။

ကျွန်တော်တို့လိုချင်တဲ့ ပြည်ထောင်စုက တန်းတူတဲ့ပြည်ထောင်စု၊ အဲဒီ ပြည်ထောင်စုထဲမှာ ဗဟိုအစိုးရရှိသလို ပြည်နယ်အစိုးရလည်းရှိရမယ်။ ပြည်နယ် အစိုးရဟာ ကိုယ့်ပြည်နယ်ကို စီမံခန့်ခွဲပိုင်ခွင့်အပြည့်ရှိရမယ်။ ပြည်နယ် တွေမှာ ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေရှိရမယ်။ ပြည်နယ်အစိုးရလို့ဆိုပြီး စည်ပင်သာယာရုံး လောက်သာသာ လုပ်ပိုင်ခွင့် ရှိတဲ့အဖြစ်မျိုး မဖြစ်စေရဘူး။ ထို့အတူ ပြည်နယ်ဝန်ကြီး ချုပ်တက်လုပ်မယ့်သူကလည်း ပြည်နယ်သား တွေရဲ့ ဆန္ဒအတိုင်းဖြစ်ရမယ်။ ဗဟို အစိုးရက ခန့်လာတဲ့ပုံစံမျိုးမဖြစ်ရဘူး။ ဒါ့အပြင် ပြည်ထောင်စု လွှတ်တော် ရှိသလို ပြည်နယ်တွေမှာလည်း လွှတ်တော်တွေရှိရမယ်။ အဲဒီလွှတ်တော်ဟာလည်း ပြည်သူ တွေက ရွေးချယ် တင်မြှောက်ခြင်းမခံရဘဲနဲ့ လာထိုင်နေတဲ့သူတွေပါတဲ့ လွှတ်တော်မျိုး မဖြစ်စေရဘူး။

ကျွန်တော်တို့လိုချင်တဲ့ အစိုးရက တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့ အစိုးရမျိုးဖြစ်တယ်။ ကျွန်တော်တို့ဆီမှာ သစ်တော တွေရှိတယ်။ လာခုတ်သွားတယ်။ သတ္တုတွေရှိတယ်။ လာတူးသွားတယ်။ ကျောက်သံပတ္တမြားတွေ တွေ့တယ်။ လာဖော်သွားတယ်။ မြစ် ချောင်းတွေရှိတယ်။ တမံတွေဆောက်ပြီး လျှပ်စစ်တွေထုတ်တယ်။ သစ်တော တွေပြုန်း၊ သဘာဝပတ်ဝန်းကျင်တွေပျက်စီးကုန်တော့ ရာသီဥတုတွေဖောက်ပြန်တယ်။ ရွာတွေ ရွှေ့ပြောင်းရတယ်။ ရေတွေ ကြီးတယ်။ မြေတွေပြိုတယ်။ ဒီဒုက္ခတွေကို ဒေသခံတွေပဲ ခံစားရတယ်။ ကျောက်မျက်ရတနာ လုပ်ကွက်အသစ်တွေ ပေါ်လာတယ်။ ကုမ္ပဏီ တွေကပဲ လက်ဝါးကြီးအုပ်ထားတယ်။ ဒေသခံတွေက မကုန်မချင်း ထိုင်ကြည့်နေရ တယ်။ လျှပ်စစ်တွေ ထုတ်သွားတယ်။ သဘာဝဓာတ်ငွေ့ကို ပိုက်နဲ့သွယ်သွားတယ်။ အဲဒီဒေသတွေမှာ မီးမလင်းခဲ့ဘူး။ ဒီလိုတာဝန်မဲ့တဲ့ အစိုးရမျိုးကို ကျွန်တော်တို့ မလိုလားဘူး။

ကျွန်တော်တို့တည်ဆောက်လိုတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးဟာ တိုင်းရင်း သားပြည်သူလူထုတစ်ရပ်လုံးရဲ့ ဘ၀လုံခြုံမှုရှိစေဖို့အတွက် ဥပဒေရဲ့အကာအကွယ်ကို အပြည့်အဝခံစားနိုင်ရမယ်။ လူမှုအခြေခံအခွင့်အရေးတွေ အပြည့်အဝရရှိစေရမယ်။ တိုင်းရင်းသားလူမျိုးအသီးသီးရဲ့ စာပေ၊ ယဉ်ကျေးမှုနဲ့ရိုးရာဓလေ့တွေ မပျောက်ပျက် စေဖို့ထိန်းသိမ်းပေးရမယ်။ ဖွံ့ ဖြိုးတိုးတက်စေဖို့ အလေးထားဆောင်ရွက်ပေးရမယ်။ ကိုယ်သင်ယူလိုက်တဲ့ပညာက ကိုယ့်ရဲ့အနာဂတ်ကို အာမခံချက်ပေးနိုင်တဲ့ပညာရေး မျိုးဖြစ်ရမယ်။ တောင်သူလယ်သမား၊ အလုပ်သမားတွေရဲ့ လူမှုဘ၀အဆင့်အတန်း တွေကို တိုးတက်မြင့်မားအောင် ပံ့ပိုးဆောင်ရွက်ပေးရမယ်။ ပြည်သူ့ကျန်းမာရေးကို အလေးပေးပြီး ခေတ်မီဆေးရုံဆေးခန်းတွေမှာ အသက်သာဆုံးကုသနိုင်မယ့် အစီ အစဉ်တွေကို ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

လေးစားအပ်တဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမ မဲဆန္ဒရှင်မိဘပြည်သူများခင်ဗျား

အမျိုးသားတန်းတူရေးကို အသိအမှတ်မပြုခြင်း၊ ဒီမိုကရေစီကင်းမဲ့ခြင်း၊ တစ်ပါတီ အာဏာရှင်စနစ်ကြီးစိုးခြင်းတို့ဟာ စစ်မှန်တဲ့ပြည်ထောင်စုကို တည်ဆောက်တဲ့နေရာမှာ ကြီးမားတဲ့အဟန့်အတားများဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဟာ ပြည်ထောင် အချင်းချင်းစုပေါင်းထားတဲ့ ပြည်ထောင်စုတစ်ခုဖြစ်ပြီး တိုင်းရင်းသား လူမျိုးစု အသီးသီးအလိုက် မတူညီတဲ့ နောက်ခံသမိုင်းကြောင်း၊ ကွဲပြားတဲ့ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ ခြားနားတဲ့ ကိုးကွယ်ယုံကြည်မှုများ ရှိနေပါတယ်။ မတူကွဲပြားမှုကို အသိ အမှတ်ပြုတဲ့ အစဉ်အလာကို ထူထောင်ပြီး အားကြီးသူက အားနည်းသူအပေါ် ဗိုလ်ကျ စိုးမိုးတဲ့ အမူအကျင့်တွေကို ရုပ်သိမ်းနိုင်မှသာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအခြေခံကောင်းတွေ ပေါ်ထွန်းလာစေမှာဖြစ်ပါတယ်။ တန်းတူညီမျှတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်တဲ့နေရာမှာ မိမိလူမျိုးတစ် ခုတည်းရဲ့အကျိုးစီးပွားကိုသာ အလေးပေးရှေ့တန်းတင်ခြင်းဟာ အခြားသောလူမျိုး များရဲ့အကျိုးစီးပွားနဲ့ တိုးတိုက်မှုတွေဖြစ်ပေါ်စေပါတယ်။ မဟာလူမျိုးကြီးဝါဒကိုင်စွဲ ခြင်းကြောင့် တိုင်းရင်းသားလူမျိုးများရဲ့ နိုင်ငံရေးတန်းတူမှုနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီး ပိုင်ခွင့်များ ဆုံးရှုံးခဲ့ရပြီး အခြားတစ်ဖက်မှာ ကျဉ်းမြောင်းတဲ့အမျိုးသားရေးဝါဒများ ပေါ်ထွန်းလာခဲ့ရပါတယ်။ အဲဒီဝါဒ နှစ်ရပ်အကြားမှာပဲ စစ်အာဏာရှင်များ ပေါ်ထွန်း လာခဲ့ပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းစဉ် တစ်လျှောက်မှာ မတည်မငြိမ် မအေး မချမ်းနဲ့ကုန်လွန်သွားခဲ့ရတဲ့ကာလတွေ ကို အလွန်နှမြောဖို့ကောင်းပါတယ်။ လွတ်လပ်ရေးရပြီးကာစ ကျွန်တော်တို့ ထက်နိမ့်ကျတဲ့နိုင်ငံတွေ၊ ကျွန်တော်တို့ နဲ့တန်းတူရည်တူရှိခဲ့တဲ့ နိုင်ငံတွေဟာ ဒီကနေ့ ကျွန်တော်တို့နိုင်ငံကို များစွာ ကျော်ဖြတ်သွားကြပြီ ဖြစ်ပါတယ်။

ယနေ့အချိန်မှာကျွန်တော်တို့တိုင်းပြည်ဟာ က္ဘာ့အဆင်းရဲဆုံး နိုင်ငံဘ၀ကို သက်ဆင်းခဲ့ရသလို ပြည်သူလူထု တစ်ရပ်လုံးရဲ့ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးနဲ့ လူနေမှုအဆင့်အတန်း ဟာလည်း နိမ့်ကျသထက်နိမ့်ကျ လာပြီး လူမှုဒုက္ခမျိုးစုံကို ခံစားနေကြရပါတယ်။

ညံ့ဖျင်းတဲ့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ဆိုးရွားတဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ပင်ပင်ပန်းပန်း တစ်နေကုန်တစ် နေခန်း အလုပ်လုပ်ရပြီး မငတ်ရုံတစ်မယ်စားနေရတဲ့ ဘ၀အခြေအနေတွေ၊ အချိန်တွေသာကုန်ပြီး ဘာမှဟုတ်တိ ပတ်တိ မတတ်တဲ့ ပညာသင်ကြားရေးစနစ်တွေ၊ ငွေသာကုန်ပြီး ရောဂါပျောက်အောင် ကုသမပေးနိုင် တဲ့ အမည်ခံ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ ဟောင်းနွမ်းပြီး အဆင့်အတန်းမမီတဲ့ ဝန်ဆောင်မှုတွေနဲ့ အခြေခံအဆောက် အအုံတွေကိုပဲ ပြည်သူလူထုက ရရှိခံစား ခဲ့ရပါတယ်။

လေးစားအပ်တဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမ မဲဆန္ဒရှင် မိဘပြည်သူများ ခင်ဗျား ယနေ့အချိန်မှာ ပြည်ထောင်စု စိတ်ဓာတ်ထွန်းကားလာစေရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု တည်ငြိမ်ချောမွေ့စေရေးအတွက် တိုင်းရင်းသား အားလုံးက ပါဝင်ကူညီဖို့လိုပါတယ်။ နိုင်ငံရေးအင်အားစုအားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြဖို့ လိုပါတယ်။ နိုင်ငံသူ နိုင်ငံသားအားလုံးကလည်း အားပေးဖို့လိုပါတယ်။ ဒါမှသာ နောင်လာမယ့်မျိုးဆက်သစ်တွေ အတွက် ပြည်ထောင်စု အမွေကောင်းကို ချန်ထား ရစ်နိုင်မှာ ဖြစ်ပါတယ်။ လူမျိုးတစ်မျိုးနဲ့လူမျိုးတစ်မျိုးကြား ပဋိပက္ခတွေ အမုန်းတရား တွေကို ချန်ထားခဲ့တာထက် သာယာဝပြောတဲ့ပြည်ထောင်စုတည်ဆောက်နိုင် ရေးအတွက် တရားမျှတမှု၊ တန်းတူမှုစတဲ့ ရေခံမြေခံကောင်းကို ချန်ထားခဲ့ကြဖို့ လိုအပ်ပါကြောင်း တင်ပြလိုပါတယ်။

ကိုယ့်ပြည်နယ်၊ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုးကိုသာ ချစ်ခင်တဲ့ စိတ်ဓာတ်ဟာ စစ်မှန်ပြီး ပြည့်စုံတဲ့ ပြည်ထောင်စု စိတ်ဓာတ် မဟုတ်သလို အတ္တလွန်ကဲတဲ့ အမျိုး သားရေးစိတ်ဓာတ်မျိုးနဲ့လည်း ကျွန်တော်တို့တိုင်းပြည်ကို တည်ဆောက်လို့ မရနိုင်ပါဘူး။ ဒီတိုင်းပြည်ကိုအတူတကွ ထူထောင်ကြမယ် အသီးအပွင့်တွေကို မျှဝေ ခံစားကြမယ်ဆိုတဲ့ ပင်လုံစိတ်ဓာတ်မျိုးဟာ မရှိမဖြစ်လိုအပ်နေပါတယ်။ ထို့အတူပဲ ငြိမ်းချမ်းရေးပြဿနာကို ကော်မတီလေးဖွဲ့ပေးလိုက်ရုံနဲ့ အဆင်ပြေသွားလိမ့် မယ်လို့ လွယ်လွယ်ယုံကြည်နေခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့ တိုင်းပြည်ဟာ ငါးပါးမှောက်နေဦးမှာ သေချာပါတယ်။ မြန်မာနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စု အဖြစ် တည်ဆောက်တဲ့ နေရာမှာ အလိုအပ်ဆုံးအရာတစ်ခုကတော့ အမြော်အမြင် ကြီးပြီး လက်တွေ့ကျတဲ့ ဒီမိုကရေစီခေါင်းဆောင်မှုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ SNLD ပါတီဟာ ဒီလိုဆောင်ရွက်နေတဲ့ ဘယ်နိုင်ငံရေး အင်အားစုကိုမဆို အစဉ်အမြဲ ပူးပေါင်းဆောင်ရွက်နေမယ်ဆိုတာကို အသိပေး ပါရစေ။ လွှတ်တော်မှာလည်း လွှတ်တော်အလိုက်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာလည်း ငြိမ်းချမ်းရေးစားပွဲဝိုင်းအလိုက် ကျရာနေရာက လက်တွဲ ဆောင်ရွက်နေ မှာဖြစ်ပါတယ်။ ထို့အတူ အစိုးရကို အပြုသဘောဆောင် ထိန်းကျောင်းပေးမယ့် အခန်းကဏ္ဍတွေ မှာလည်းပဲ ပြည်သူလူထုရှေ့က မားမားမတ်မတ်ရပ်တည်ပေးမယ့် အင်အားတစ်ရပ်အဖြစ် အမြဲရှိနေမှာ ဖြစ်ပါတယ်။

ဒီကနေ့ဆိုရင် ကျွန်တော်တို့တိုင်းပြည်မှာ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ရွေးကောက်ပွဲတွေကို ကျင်းပနေ ကြပါတယ်။ ဒီတော့ပါတီတွေများသလို ပါတီ တွေကို ခွဲခြားကြည့်ဖို့ လိုလာပါတယ်။ ကျွန်တော်တို့ရဲ့ SNLD ပါတီကတော့ တိုင်းရင်းသားအရေး၊ ပြည်သူ့အရေးကိုပဲ အစဉ်အမြဲဦးထိပ်ထားပြီး ဒီနေ့ထိတိုင် ရင့်ကျက်တည်ငြိမ်တဲ့၊ ရိုးသားတဲ့ပါတီတစ်ခုအဖြစ် ရပ်တည်နေဆဲဖြစ်ပါတယ်။ ဒီနိုင်ငံမှာ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ ငြိမ်းချမ်းခြင်းတရားတွေ အမြစ်တွယ်ထွန်းကားလာစေဖို့အတွက် ဘယ်သူ့မျက်နှာကိုမှမထောက် ရဲရဲ ဝံ့ဝံ့ ပြတ်ပြတ်သားသားလျှောက်လှမ်းနေမှာဖြစ်ပါတယ်။ အမျိုးသားတန်းတူ ရေးကို အာမခံတဲ့၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာဖို့ အတွက် သမိုင်းပေးတာဝန်တစ်ရပ်ကို မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်ရင်း အနာဂတ်မှာလည်း အားမာန်အပြည်နဲ့ ဆက်လက်ချီတက်နေဦးမှာ ဖြစ်ပါတယ်။

ထို့အတူပဲ SNLD ပါတီကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေဟာလည်း မဲဆန္ဒရှင် မိဘပြည်သူတွေကသာ လွှတ်တော် ကိုယ်စားလှယ်အဖြစ်ရွေးချယ်ပြီး တာဝန်အပ်နှင်းခဲ့မယ်ဆိုရင် ပြည်သူလူထုရဲ့ အကျိုးကို ကျေပွန်စွာသယ်ပိုးဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း ကတိပေး ပြောကြားလိုပါတယ်။ ဒါကြောင့် မကြာမီရောက်ရှိလာတော့မယ့် ရွေးကောက်ပွဲ နေ့မှာမိဘပြည်သူတွေအနေနဲ့ မဲရုံကိုအရောက်သွားပြီး ပြည်သူပြည်သားတွေရဲ့ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ငြိမ်းချမ်းဖို့အတွက် ရဲရဲတင်းတင်းမဲပေးကြပါ၊ ပြတ်ပြတ် သားသား မဲပေးကြပါ၊ သာယာ ပျော်ရွှင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်း လာဖို့ မိမိတို့ရဲ့ မဲပြားတွေနဲ့တည်ဆောက်ပေးကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ် အပ်ပါတယ်။

အားလုံးနိုင်ငံတည်ဆောက်ရေးမှာပါဝင်နိုင်ကြပါစေ။
မိုင်ဆွန်ခ