ငြိမ်းချမ်းရေး.. ဋီကာ (သစ္စာနီ)

0
439

thitsar-ni_final

တကယ်တော့ သမိုင်းဆိုသည် စစ်ပွဲများ၏ မှတ်တမ်းသာဖြစ်သည်။ ငြိမ်းချမ်းရေးဆိုသည်မှာ စစ်နှင့် စစ်ရပ်စဲထားသော ကြားကာလကို ခေါ်ဆိုခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်ကဲ့သို့ လူအသေအပျောက်ဆုံးရှုံးမှုများသောစစ်ပွဲများ၊ ခရူးဆိတ်စစ်ပွဲကဲ့သို့ နှစ်ကာလရှည်ကြာစွာ ဆင်နွှဲရသော စစ်ပွဲများဟူ၍ရှိခဲ့သည်။ ကျွန်တော်တို့မြန်မာပြည်တွင် ပြည်တွင်းစစ်သည် လွတ်လပ်ရေး၏ ဖွားဘက်တော်ဟု ဆိုနိုင်သည်။ လွတ်လပ်ရေးရပြီး သုံးလအကြာတွင် စတင်ဖြစ်ပွားခဲ့သည်မှာ ယခုအနှစ်(၇၀)နီးပါး ကြာမြင့်သည့် တိုင်အောင် မပြီးပြတ်နိုင်ဘဲရှိသည်။ မြန်မာ့သမိုင်းတွင် အနှစ်လေးဆယ်ကျော်ဖြစ်သဖြင့် အရှည်ဆုံးစစ်ပွဲဟုဆို ခဲ့သော ရာဇာဓိရာဇ်နှင့် ဘုရင်မင်းခေါင်တို့၏ စစ်ပွဲကို ကျော်၍သွားသည်။

ပြည်တွင်းစစ်ကို ဖဆပလ အစိုးရလည်း ချုပ်ငြိမ်းအောင်မတတ်နိုင်ခဲ့။ မဆလ နှင့် န၀တ (နအဖ)စစ်နှင့် စစ်ဘက်အနွယ်တော်အစိုးရများကလည်း ချုပ်ငြိမ်းအောင် မတတ်နိုင်ကြ။ ဦးသိန်းစိန်၏အရပ်သားအစိုးရ လက်ထက်တွင်မူ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပကာ ငြိမ်းချမ်းရေးကို အားထုတ်လာသည်။ ပထမ အပစ် အခတ်ရပ်စဲရေး။ ထိုမှစားပွဲဝိုင်းဆီသို့ (နိုင်ငံရေးဆွေးနွေးပွဲ )။ လက်မှတ်ထိုးသူကထိုး။ မထိုးသူကမထိုး။ နောက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်သားစစ်စစ်ဆိုသည့် အစိုးရတက်လာသည်။ ရှေ့အစိုးရဆောင်ရွက်ခဲ့သော ငြိမ်းချမ်းရေးလမ်းစဉ်ကို ဆက်လက်အကောင်အထည်ဖော်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ကြိုးစားအားထုတ်မှုနှင့် ရရှိခဲ့သော တိုင်းရင်းသားချစ်ကြည်ရေးကို ဦးတည်ကာ သူ့လက်ထက်တွင်ကျင်းပမည့် ငြိမ်းချမ်းရေး ညီလာခံကို ၂၁ ရာစု ဒုတိယ ပင်လုံညီလာခံဟု ကင်ပွန်းတပ်ခဲ့သည်။ သြဂုတ်လ ၃၁ ရက်မှစတင်ကျင်းပ၍ လေးရကကြာမြင့်ခဲ့သည်။

ပွဲအစမှာပင် အထစ်အငေါ့ကလေးတွေရှိခဲ့ပေမဲ့ (All Inclusive)အားလုံး မပါဝင်နိုင် ဟုဆိုကာ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးက မတက်။ ဝ အဖွဲ့က အဆင့်အတန်းခွဲခြားခဆက်ဆံခံ ရသည်ဆိုကာ ညီလာခံမှ ပြန်သည်။ ပြည်ထောင်စုလွှတ်တော်၏ ကြေညာချက်ကို တပ်မတော်ကိုယ်စားလှယ် တွေက (ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစကားရပ်ကို ပြင်ဆင်ပေးရန်)ကန့်ကွက်သော်လည်း မဲခွဲသောအခါ ရှုံးသည်။ သမ္မတတက်ရောက်သော်လည်း ဘာစကားမှမပြော။ ဒေါ်အောင်ဆန်းစုကြည်က နေ့တိုင်းမတက်။ တပ်ချုပ်ကြီးက ညီလာခံကျင်းပဆဲရက်မှာပင် ဘရူနိုင်း နိုင်ငံကို ထွက်ခွာသွားသည်။ ဤကဲ့သို့ အဆင်မပြေမှု အ နည်းငယ်ရှိသော်လည်း အကောင်းမြင်ဝါဒနဲ့ပြောရလျှင် ယေဘုယျအားဖြင့် ၂၁ ရာစု ဒုတိယပင်လုံညီလာခံ အောင်မြင်ပါသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကိုပင် ၂၁ ရာစု ဒုတိယပင်လုံညီလာခံဟု အမည်တွဲတပ်လိုက်သဖြင့် မူလပင်လုံပါ (၂၀ ပြည့်ပါက မနေချင်သောခွဲထွက်ခွင့်ပေးမည်ဆိုသော)အချက်ကို ဆုတ်ကိုင်ပြောဆိုကြသည်။ ခွဲမထွက် သို့မဟုတ် ခွဲထွက်မည်ဟု မပြောကြသော်လည်း ပြည်နယ်အဆင့်တိုးမြှင့်တောင်းတာတွေ မြင်ရသည်။ ဒေါ်စုကတော့ စကားပလ္လင်ကြိုတင်ခံထားသည်။ “ တောင်းချင်တာကို လွတ်လွတ်လပ်လပ် တောင်းဆိုနိုင် တယ်။ ဒါပေမဲ့ တောင်းတိုင်းရမယ်လို့တော့ အာမမခံနိုင်ဘူး” ဟု ဆိုထားသည်။ မှန်လည်းမှန်သည်။ တန်းတူညီ မျှဖြစ်အောင် ဗမာကိုလည်း ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ဖို့နှင့် မြန်မာဟူသော နိုင်ငံ၏အမည်ပြောင်းလဲပစ်ဖို့ အထိ ပါဝင်နေသည်။ တကယ်တော့ လက်ရှိအခြေအနေအရ ဒေါ်စုသည် လက်နက်ကိုင်အဖွဲ့နှစ်စုအကြား (တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်) စုစည်းညှိနှိုင်းပေးသူသာဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအရပဲဖြစ်ဖြစ် ပကတိနိုင်ငံရေးသွင်ပြင်လက္ခဏာအရပဲဖြစ်ဖြစ် အရပ်သားအစိုးရသည် အဓိကနေရာများတွင် တပ်မတော်အစု အဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်နေရဆဲဖြစ်သည်။ တပ်မတော်ကလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ ချမှတ်ပေးထားသော မူဘောင်တွေရှိနေသည်။ ထို့ထက်ကျော်လွန်၍ အလျှော့ပေးမည့်အရိပ်အယောင်မရှိ။

conference

(၁) ပြည်နယ်ခွဲထွက်ခွင့်လက်မခံ
(၂) ကိုယ်ပိုင်(သီးခြား)တပ်မတော်ထူထောင်ခွင့်မရှိ
(၃) ညှိနှိုင်းမှုသည် ၂၀၀၈ အခြေခံဥပဒေ ဘောင်အတွင်းက ဖြစ်ရမည်။

တိုင်းရင်းသားအစုအဖွဲ့ကတော့ ကိုယ်ပိုင်လူမျိုးစုအလိုက် တပ်မတော်များထားရှိရေး၊ သယံဇာတပိုင်ဆိုင်ရေး(တောင်းဆိုနေသော ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရရှိရေး)ကို အဓိကထားနေရာ ပြေလည်နိုင်ရန် ကြီးစွာ သောအခက်အခဲတွေရှိနေတာအမှန်ပင်ဖြစ်သည်။ (တပ်မတော်က လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံပါ လုပ်ထုံးလုပ်နည်း အတိုင်းဖြစ်ရမည်ဟုဆိုသည်) တိုင်းရင်းသားတွေဘက်ကလည်း သမိုင်းနှင့်ညီသော သင်ခန်းစာတွေရှိနေသည်။
ပြည်နယ်နှင့်တောင်တန်းဒေသများဖွံ့ဖြိုးမှုကို ထိရောက်အောင်မြင်အောင် မဆောင်ရွက်ခဲ့သော ရှေ့အစိုးရအ ဆက်ဆက်၏ ချို့ယွင်းချက်တွေကလည်းရှိနေသည်။ ယခုအခြေအနေမှာတော့ သံသယနှင့် ဆက်ဆံနေရသည်။ တစ်ခုတော့ရှိသည်။ နှစ်ကာလရှည်ကြာလှပြီဖြစ်သော ပြည်တွင်းစစ်ကို ရပ်စဲကာ ငြိမ်းချမ်းရေးကို တည်ဆောက် ချင်သည်ဆိုလျှင် နှစ်ဘက်လုံးကပင် သဘောထားကြီးခြင်း၊ အမြင်ကျယ်ခြင်း၊ ပျော့ပြောင်းခြင်း၊ စိတ်ရှည်သီးခံ ခြင်းစသည့် တတ်သိလိမ္မာမှုများကို အခြေခံကာ ဆွေးနွေးကြရမည်။ ညီညွတ်ရေးရလျှင် ငြိမ်းချမ်းရေးရပြီ။ ညီညွတ် ရေးသည် အကျိုးစီးပွားညီမျှမှုအပေါ်တွင်အခြေခံသည်။

ဤနေရာတွင် ကျွန်တော်တို့သည် အဖွဲ့အစည်းအကျိုး စီးပွား၊ လူမျိုးစုအကျိုးစီးပွားထက် အမျိုးသားအကျိုးစီးပွား(သို့မဟုတ်) နိုင်ငံတော်အကျိုးစီးပွားကို ဦးစားပေး အ ခြေခံမှ မှန်ပေလိမ့်မည်။ လက်ငင်းနိုင်ငံတော်၏အကျိုးစီးပွားမှာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ ဖက်ဒ ရယ်ပြည်ထောင်စုနိုင်ငံ ထူထောင်ရေးဖြစ်ကြောင်း ရှင်းပြဖို့မလို။ ဘာကြောင့် အမျိုးသားအကျိုးစီးပွားကို ဦးထိပ် ထားရသနည်း။ ရှင်းပါသည်။ အမျိုးသားအကျိုးစီးပွား သို့မဟုတ် နိုင်ငံတော်အကျိုးစီးပွားပျက်ပြားပါက မည်သည့်အကျိုးစီးပွားမှ သီးသန့်ကျန်ရှိနေမည်မဟုတ်သောကြောင့် ဖြစ်လေသည်။

သစ္စာနီ