မြစ်ဆုံအရေး ဆွေးနွေးအဖြေရှာဖို့ အချိန်တန်ပြီ

0
424

မြန်မာနိုင်ငံရဲ့ အဓိကမြစ်ကြီး လေးသွယ်ထဲမှာ ဧရာဝတီမြစ်ဟာ အရှည်လျားဆုံး မြစ်တစ်စင်းဖြစ်သလို ကိုယ့်နိုင်ငံထဲမှာပဲ မြစ်ဖျားခံရာနေရာကနေ ပင်လယ်ထဲအထိ စီးဝင်တဲ့မြစ် ဖြစ်ပါတယ်။ ဧရာဝတီမြစ်ကိုအခြေပြုပြီး ပေါ်ပေါက်လာခဲ့ရတဲ့ မြို့ရွာတွေ အများအပြားရှိသလို လူအများစုရဲ့ အသက်မွေးဝမ်းကျောင်းမှုဟာလည်း ဧရာဝတီမြစ်အပေါ် မူတည်နေပါတယ်။

ကမ္ဘာပေါ်မှာ ကျွန်မတို့မြန်မာနိုင်ငံဟာ ရာသီဥတုပြောင်းလဲမှုဒဏ် အခံရဆုံး ဒုတိယလိုက်တဲ့ နိုင်ငံဖြစ်လာတာနဲ့အတူ အဲဒီပြောင်း လဲမှုဟာ ဧရာဝတီမြစ်ကိုလည်း သက်ရောက်မှု ရှိလာပါတယ်။ ဒါ့အပြင် မဆင်မခြင် သစ်ခုတ်လှဲမှု၊ သတ္တုတူးဖော်မှုတွေကြောင့် ဧရာဝတီဟာ နွေရာသီမှာ ရေနည်းပါး၊ သဲသောင်တွေ ပေါ်ထွန်းပြီး မိုးတွင်းမှာ ရေကြီးရေလျှံမှုနဲ့ တွေ့ကြုံရပါတော့တယ်။

ဒီအချိန်မှာပဲ ဧရာဝတီမြစ် စတင်စီးဆင်းရာ မေခနဲ့ မလိခမြစ်ပေါင်းဆုံရာ ကချင်ပြည်နယ်၊ မြစ်ဆုံဒေသမှာ ရေအားလျှပ်စစ်ထုတ်လုပ်ဖို့ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအတွက် မြစ်ဆုံဆည် တည်ဆောက်ဖို့ စီစဉ်နေမှုကို အပြီးတိုင် ရပ်ဆိုင်းပစ်ဖို့ ဒေသခံတွေက လိုလား နေကြပါတယ်။ မြစ်ဆုံရေကာတာ စီမံကိန်းကို ဒေသခံတွေ ရဲ့ သဘောဆန္ဒမပါဝင်ဘဲနဲ့ စစ်အစိုးရလက်ထက်မှာ တရုတ်နိုင်ငံက CPI (တရုတ်စွမ်းအင်ရင်းနှီးမြှပ်နှံမှုကော်ပိုရေးရှင်း)နဲ့ စာချုပ်ချုပ်ဆိုခဲ့တာပါ။ ဒါပေမဲ့ အဲဒီစာချုပ်ထဲမှာ ဘယ်လိုသဘောတူညီချက်တွေ ပါဝင်သလဲဆိုတာ ပြည်သူတွေ သိခွင့်မရသေးတာက ပြဿနာတစ်ရပ် ဖြစ်နေဆဲပါ။

myanmar_-_kachin_myitsone_dam_ok

မြစ်ဆုံရေကာတာ စီမံကိန်းကို အကောင်အထည်ဖော်ခဲ့ရင် ကချင်ပြည်နယ်က လူထုသာမက ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသက လူထုအထိ ထိခိုက်ခံစားရမှာပါ။ ရရှိလာမယ့် လျှပ်စစ်ကို မြန်မာလူထုက သုံးစွဲရမှာက မဖြစ်သလောက်ပမာဏသာဖြစ်ပြီး တရုတ် နိုင်ငံကိုပဲ ပို့ဆောင်မှာမို့ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်ခြေမြင့်မားတဲ့ စီမံကိန်းကို လူထုက သဘောမတူ ကန့်ကွက်နေတာပါ။ လူထုရဲ့ ကန့်ကွက်မှုတွေကြောင့် သမ္မတဦးသိန်းစိန် လက်ထက်(၂၀၁၁)ခုနှစ် စက်တင်ဘာလမှာ သူ့လက်ထက်မှာ စီမံကိန်း ရပ်ခိုင်းထားမယ်လို့ ကြေညာခဲ့ပါတယ်။

(၂၀၁၆)ခုနှစ် ဧပြီလမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရတက်လာပြီးတဲ့နောက် မြစ်ဆုံစီမံကိန်းကို ပြန်လည် အကောင်အထည်ဖော်ချင်တာကို တရုတ်ဘက်က အရိပ်အမြွက်ပြလာခဲ့ပါတယ်။ ပြည်သူရွေးကောက်တဲ့ အစိုးရလက်ထက်မှာ ပြည်သူ့အသံ နားထောင်ရမှာမို့ မြစ်ဆုံစီမံကိန်း ဆက်လုပ်သင့်၊ မလုပ်သင့်နဲ့ပတ်သက်ပြီး အကြံပြုမယ့် ကော်မရှင်တစ်ရပ်ကို သြဂုတ် ၁၂ ရက်က ဖွဲ့စည်းပေးခဲ့ပါတယ်။ “ဧရာဝတီမြစ်ဆုံ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်” ဟာ သူတို့ရဲ့ တွေ့ရှိချက်တွေကို နိုဝင်ဘာလထဲမှာပဲ အစီရင်ခံစာ တင်ရတော့မှာပါ။

သိပ်မကြာမီက မြစ်ဆုံဒေသကို Myanmar Green Network (မြန်မာအစိမ်းရောင်ကွန်ရက်)ရဲ့ အစီအစဉ်နဲ့ ရောက်ရှိခဲ့ရာမှာ မေခမြစ်ကို အထက်ပိုင်းမှာ တရားမ၀င် ရွှေတူးဖော်နေတာကိုပါ တွေ့ရှိခဲ့ရပါတယ်။ သာ ယာလှပတဲ့ မြစ်ဆုံဟာ ကချင်လူမျိုးတွေရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ သမိုင်းဝင်နေရာဖြစ်သလို မြစ်ဆုံဆည် တည်ဆောက်မယ့်ကိစ္စကို အတွေးနဲ့တင် လက်မခံနိုင်ပါဘူးလို့ ကချင်အမျိုးသမီးတစ်ယောက်က မျက်ရည်ဝဲပြီး ကျွန်မကို ပြောပြပါတယ်။ ဒါတင်မကသေးပါဘူး အေးအေးချမ်းချမ်း နေထိုင်လုပ်ကိုင် စားသောက်နေကြတဲ့ မလိဇွပ်၊ တန်ဖဲ၊ လဖျဲ့၊ ဒေါင်ပန်၊ ကျိန်ခရန် ရွာတွေက ပြည်သူတွေဟာ သူတို့သဘောဆန္ဒမပါဘဲ ၂၀၁၁ ခုနှစ်ကတည်း က CPI ကုမ္ပဏီက စီစဉ်ပေးတဲ့”အောင်မြင်သာ” နဲ့ “မလိယန်” ရွာတွေဆီ ပြောင်းရွှေ့ခံခဲ့ရပါတယ်။

ပြောင်းရွှေ့ခံခဲ့ရပြီး ငါးနှစ်ကျော်ကြာလာတဲ့အထိ မူလရွာတွေမှာ ပြန်လည်နေထိုင်ခွင့်မရသေးဘဲ မြေနေရာ ကျဉ်းမြောင်းမှု၊ ဆောက်လုပ်ပေးထားတဲ့ နေအိမ်တွေရဲ့ ကြံ့ခိုင်မှုအားနည်းမှုတွေကြောင့် အခက်အခဲမျိုးစုံ တွေ့ကြုံနေရဆဲပဲလို့ ပြောပြကြပါတယ်။ မြစ်ဆုံဒေသတစ်ဝိုက်ဟာ ဇီဝမျိုးကွဲ (Biodiversity) ကြွယ်ဝတဲ့ နေရာဖြစ်သလို ဆည်တည်ဆောက်ခဲ့ရင် ဇီဝမျိုးကွဲတွေ ပျောက်ကွယ် သွားနိုင်မှု၊ ရာသီဥတု ဖောက်ပြန်မှုတွေ တွေ့ကြုံရမှာ မလွဲပါဘူး။

myitsone-dam-project-on-i-009

မြစ်ဆုံဆည်ဟာ ကြီးမားတဲ့ ဆည်အမျိုးအစားဖြစ်သလို ဆည်ရဲ့ကြံ့ခိုင်အားနည်းခဲ့ရင် မြစ်ကြီးနားမြို့ ဟာ ရေလွှမ်းခံရမယ့် အလား အလာများနေတာမို့ ဒေသခံတွေ စိုးရိမ်နေကြတာပါ။ ဆည်ထဲမှာ ရေသိုလှောင်လိုက်လို့ မြစ်ဝကျွန်းပေါ်ဒေသဆီ မြစ်ရေအရောက် နည်းပြီး ရေငန်ဝင်ရောက်မှုနဲ့အတူ စိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်လာနိုင်ပါတယ်။ ဧရာဝတီမြစ်ထဲမှာ ငါး၊ ပုဇွန် အပါအ၀င် ရေနေသတ္တ၀ါတွေ ရှားပါးသွားနိုင်သလို ရေကြောင်းသယ်ယူပို့ဆောင်ရေးမှာပါ နှောင့်နှေးမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဆည် တည်ဆောက်ခဲ့ရင် ရေထဲမှာ အောက်ဆီဂျင်ပမာဏ လျော့နည်းသွားနိုင်သလို ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏ များလာနိုင်တာမို့ စိုးရိမ်စရာပါ။

စီမံကိန်းတစ်ခု လုပ်ဆောင်သင့်၊ မလုပ်ဆောင်သင့်ဆိုတာ အဲဒီစီမံကိန်းက အဲဒီနိုင်ငံရဲ့ ပြည်သူတွေအပေါ် ဘယ်လောက်အထိ အကျိုးပြု၊ မပြုဆိုတဲ့အချက်နဲ့ ဆက်စပ်နေပါတယ်။ မြစ်ဆုံဆည် စီမံကိန်းဟာ ဒေသခံ ပြည်သူတွေအတွက်သာမက တစ်နိုင်ငံလုံးက ပြည်သူတွေအတွက်ပါ ကောင်းကျိုးထက် ဆိုးကျိုးများနေတာမို့ မတည်ဆောက်သင့်ဘူးဆိုတာ ပေါ်လွင်ထင်ရှားနေပါတယ်။ စစ်ကိုင်း ပြတ်ရွေ့ကြောနဲ့ မြစ်ဆုံဟာ နီးကပ်နေတဲ့အတွက် ဆည်ရဲ့ဖိအားကြောင့် ငလျင်တွေ လှုပ်နိုင်တာကို မေ့မထားသင့်ပါဘူး။

တကယ်တော့ ရေအားလျှပ်စစ်အတွက် ကြီးမားတဲ့ ဆည်တွေ တည်ဆောက်တာဟာ ဆိုးကျိုးပဲများတာမို့ ကမ္ဘာပေါ်မှာလည်း ဆည်ကြီးတွေ မတည်ဆောက်ဖို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ကန့် ကွက်နေကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆိုလာလို့ခေါ်တဲ့ နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်၊ Biomass လို့ခေါ်တဲ့ ဇီဝစွမ်းအင်၊ Geo Thermal လို့ခေါ်တဲ့ ဘူမိအပူ စွမ်းအင် တွေနဲ့ စွမ်းအင်ထုတ်လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိနေတယ်လို့ WWF မှာ တာဝန်ထမ်းဆောင်နေတဲ့ ဦးရွှန်းစိုဦးက ရှင်းပြပါတယ်။ ရေအား လျှပ်စစ်ကနေ စွမ်းအင်ထုတ်လုပ်ဖို့ အနည်းဆုံး (၈)နှစ်ခန့် ကြာမြင့်နိုင်ပေမယ့် လေနဲ့နေရောင်ခြည်ရင်းမြစ်တွေကနေ စွမ်းအင် ထုတ်လုပ်ဖို့ (၁)နှစ်ပဲ အချိန်ယူရတယ်လို့ သူက ရှင်းပြပါတယ်။

စီမံကိန်းတစ်ခု လုပ်ဆောင်သင့်၊ မလုပ်ဆောင်သင့်ဆိုတာ အဲဒီစီမံကိန်းက အဲဒီနိုင်ငံရဲ့ ပြည်သူတွေအပေါ် ဘယ်လောက်အထိ အကျိုးပြု၊ မပြုဆိုတဲ့အချက်နဲ့ ဆက်စပ်နေပါတယ်။ မြစ်ဆုံဆည် စီမံကိန်းဟာ ဒေသခံ ပြည်သူတွေအတွက်သာမက တစ်နိုင်ငံလုံးက ပြည်သူတွေအတွက်ပါ ကောင်းကျိုးထက် ဆိုးကျိုးများနေတာမို့ မတည်ဆောက်သင့်ဘူးဆိုတာ ပေါ်လွင်ထင်ရှားနေပါတယ်။

မြစ်ဆုံစီမံကိန်းလို့ဆိုပေမယ့် CPI ကနေ တည်ဆောက်ဖို့ စီစဉ်ထားတဲ့ ရေကာတာတွေက မြစ်ဆုံမှာ တစ်ခု၊ မေခမြစ်ပေါ်မှာ ရေကာတာ ငါးခု၊ မလိခမြစ်ပေါ်မှာ ရေကာတာ တစ်ခုဖြစ်လို့ စုစုပေါင်း(၇)ခုဖြစ်ပါတယ်။ ဒါကြောင့် ဧရာဝတီမြစ် အစပြုရာ ရေဝေရေလဲ ဒေသတွေက သစ်တောတွေပါ ပြုန်းတီးမှာဖြစ်ပြီး စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းတွေ ထိခိုက်မှု၊ အပူချိန်မြင့်တက်မှု၊ ရေကြီးရေလျှံမှုတွေ မလွဲမသွေဖြစ်ပေါ်လာမှာပါ။ မြစ်ဆုံဟာ ကချင်လူမျိုးတွေရဲ့ Cultural Heartland (ယဉ်ကျေးမှု နှလုံးသည်းပွတ်ဒေသ) ဖြစ်တာမို့ မြစ်ဆုံရေကာတာ စီမံကိန်းကို ဘယ်လိုမှ လက်မခံတဲ့အကြောင်း ဒေသခံတွေပါဝင်တဲ့ လူမှုအဖွဲ့အစည်းတွေက အောက်တိုဘာ ၃၀ ရက်နေ့မှာ သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ပြီးပါပြီ။

ပြည်သူသဘောမတူဘဲ မြစ်ဆုံရေကာတာစီမံကိန်းကို အခုအစိုးရသစ်လက်ထက်မှာ အပြီးတိုင်ရပ်ဆိုင်းနိုင်ဖို့ မျှော်လင့်ချက်တွေ ထွက်ပေါ်နေပါတယ်။ မြစ်ဆုံအရေးဟာ တစ်နိုင်ငံလုံးက ပြည်သူတွေနဲ့ဆိုင်တဲ့ အရေးမို့ အားလုံးပူးပေါင်းပါဝင်ပြီး ကန့်ကွက်မှုနဲ့သာ မြစ်ကြီးဧရာဝတီရှင်သန်ရေးကို ကူညီကယ်ဆယ်ရာရောက်မှာဖြစ်ပါကြောင်း ထောက်ပြရေးသားလိုက်ရပါတယ်။

သွေး(စစ်ကိုင်း)