ရေ အရင်းအမြစ်တွေ ဘာကြောင့် ဆုံးရှုံးနေရသလဲ

0
382

ကျွန်မတို့ လူသားတိုင်း အသက်ရှင်သန်ရေးအတွက် ရေဟာ မရှိမဖြစ် လိုအပ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်မဆုံးရှုံးစေဖို့ ရေ များများ သောက်ပေးဖို့ လိုသလို၊ စိုက်ပျိုးမွေးမြူရေး၊ ချက်ပြုတ်ရေး . . .အားလုံးအတွက် ရေကို အသုံးပြုနေရပါတယ်။ ဒါပေမဲ့ သန့်ရှင်းတဲ့ရေကို ဘယ်လောက်အထိ အသုံးပြုနိုင်ပြီလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာနေပါပြီ။

မြန်မာနိုင်ငံဟာ အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ရေချိုအရင်းအမြစ် ပေါများတဲ့နိုင်ငံလို့ ဆိုနိုင်ပါတယ်။ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ စစ်တောင်းမြစ် ဆိုတဲ့ အဓိကမြစ်ကြီး(၄)သွယ်ထဲမှာမှ ဧရာဝတီမြစ်ဟာ ရေချိုရရှိတဲ့မြစ်ပါ။ ကျွန်မတို့ ငယ်ငယ်ကဆိုရင် ဇာတိမြို့လေးမှာ ဧရာဝတီမြစ်ရေကိုပဲ သောက်ရေအဖြစ် သောက်သုံးခဲ့ရတာပါ။

People line up to collect water at Yazarthingyan lake in Dala township, near Yangon May 12, 2013. Dala township is located near the sea and the only source of freshwater is from the inland lakes which have all dried up, with the exception of Yazarthingyan lake. According to the local authorities, the lake is only opened to locals once every three days, with over 1,000 people lining up to collect water when the authorities opened the lake from 4 pm to 5 pm. REUTERS/Soe Zeya Tun (MYANMAR - Tags: SOCIETY ENVIRONMENT TPX IMAGES OF THE DAY)

(ဓာတ်ပုံ-www.wsj.com)

သစ်တောပြုန်းတီးမှုရဲ့ အကျိုးဆက်နဲ့အတူ ဧရာဝတီအပါအ၀င် မြစ်ကြီး၊ မြစ်ငယ်တွေမှာ နွေရာသီမှာ သောင်ထွန်း ရေနည်းပြီး၊ မိုးရာသီမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်လာရပါတယ်။ မြန်မာနိုင်ငံရဲ့ သစ်တောပြုန်း တီးမှုဟာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO)ကနေ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ ကမ္ဘာပေါ်မှာ တတိယသစ်တော ပြုန်းတီးမှုအများဆုံးအဆင့် ၀င်နေပါတယ်။ မြစ်တွေရဲ့ အရေးပါတဲ့ ရေဝေရေလဲဒေသတွေမှာ သစ်တွေ မဆင်မခြင်ထုတ်ယူမှုကြောင့် ဇီဝမျိုးစိတ်တွေ ထိခိုက်ရပါတယ်။ မိုးရွာချလိုက်တဲ့အခါ သစ်ပင်တွေရဲ့ အမြစ်က မြေကြီးထဲမှာ ကုပ်တွယ်နေတဲ့အတွက် မိုးရေတွေကို မြေကြီးထဲ သိုလှောင်ပေးရာ ရောက်ပါတယ်။ သစ်ပင်တွေ မရှိတော့တဲ့အခါ ရွာချသမျှ မိုးရေတွေဟာ အဆီးအတားမဲ့စွာ စီးဆင်းသွားပြီး မြစ်တွေမှာ ရေကြီးရေလျှံမှု ဖြစ်ပေါ် လာရပါတယ်။

ရေကြီးရေလျှံမှု၊ သောင်ထွန်းမှုတွေကြောင့် ရေချိုအရင်းအမြစ်တွေ လျော့နည်းလာရတော့တာပါပဲ။ သစ်တောပြုန်းတီးမှုကြောင့် ရာသီ ဥတုဖောက်ပြန်လာရသလို တချို့ဒေသတွေမှာ မိုးခေါင်မှုတွေ ဖြစ်တဲ့အတွက်  မိုးရေကိုပါ လုံလုံလောက်လောက် မရနိုင်တော့ပါဘူး။ ဧရာဝတီမြစ်ရေဟာ အနည်အနှစ်များစွာ ပျော်ဝင်နေတာကြောင့် အခုအချိန်မှာ သောက်သုံးဖို့ မလွယ်ကူတဲ့ အနေအထားဖြစ်နေပါပြီ။

နောက်တစ်ချက် ထောက်ပြစရာရှိတာက သတ္တုတူးဖော်ရေးလုပ်ငန်းတွေက ထွက်လာတဲ့ စွန့်ပစ်မြေစာတွေဖြစ်ပါတယ်။ ကျောက်စိမ်း တူးဖော်ရာကထွက်တဲ့ မြေစာတွေ မဆင်မခြင်စွန့်ပစ်မှုကြောင့် ဥရုချောင်းဟာ တိမ်ကောမတတ်ဖြစ်နေပါပြီ။ စစ်ကိုင်းတိုင်း ဒေသကြီးထဲက တရားမ၀င် ရွှေမှော်တွေဟာ မြစ်၊ ချောင်းတွေမှာ လုပ်ကိုင်နေကြတာမို့ အဲဒီကထွက်လာတဲ့ မြေစာတွေက ချင်းတွင်းမြစ် အပါအ၀င် မြစ်၊ ချောင်းတွေရဲ့ အနာဂတ်ကို ခြိမ်းခြောက်နေပါပြီ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ထွက်တဲ့ စွန့်ပစ်မြေစာ တွေဟာ ချင်းတွင်းမြစ်ထဲကို ရောက်ရှိလာတာတွေကြောင့် ချင်းတွင်းမြစ်ကို အမှီသဟဲပြု ရပ်တည်ရှင်သန်နေရသူတွေ အတွက် သန့် ရှင်းတဲ့ ရေအရင်းအမြစ် ဆုံးရှုံးလာနေပါတယ်။

In this April 2, 2014 photo, residents of Dala, carry plastic containers filled with drinking water fetched from a natural water pond as others walk to collect water in the suburbs of Yangon, Myanmar. During the annual dry season in April and May, residents pay 10 kyat, 10 U.S. cents for each bucket of water and walk up to five kilometers (three miles) carrying the buckets full of water for the consumption of their families in this improvised neighborhood. (AP Photo/Gemunu Amarasinghe)

(ဓာတ်ပုံ-ourplanet.infocentral.state.gov)

ရေအရင်းအမြစ်တွေကို စနစ်တကျ အသုံးချနိုင်ဖို့ ရေစီမံခန့်ခွဲမှု (Water Management)ဟာ အထူးပဲ အရေးကြီးပါတယ်။ မိုးရေတွေကို သိုလှောင်ထားနိုင်ဖို့ လိုသလို ရေပေးဝေမှုမှာလည်းအလေအလွင့်မဖြစ်အောင် ကြိုးစားသွားရမှာပါ။ နယ်တွေမှာ မဆိုထားနဲ့ ရန်ကုန်လို မြို့ပြမှာတောင် သန့်ရှင်းတဲ့ရေကိုလုံလုံလောက်လောက် အသုံးမပြုနိုင်သေးပါဘူး။ တချို့သောကျေးလက်ဒေသတွေမှာ ရေတစ်ပုံး၊ နှစ်ပုံးရဖို့အတွက်ကိုပဲ နှစ်မိုင်၊ သုံးမိုင် ဝေးတဲ့နေရာထိ သွားခပ်ရတာတွေ ရှိပါတယ်။

ရန်ကုန်မှာ ချိုးဖြူ၊ လှော်ကားစတဲ့ ရေလှောင်ကန်တွေကနေ ရေဖြန့်ဖြူးပေးနေပေမယ့် မရသေးတဲ့မြို့နယ်တွေ၊ ရပ်ကွက်တွေ ရှိနေပါသေးတယ်။ တချို့မြို့နယ်တွေမှာ ခုထက်ထိ အ၀ီစိတွင်းရေကို မှီခိုအားထားနေရ တုန်းပါပဲ။ ရေပိုက်လိုင်းသွယ်တန်းထားတဲ့ မြို့နယ်တွေမှာ နှစ်ရက်၊ သုံးရက် ရေပေးဝေမှုပြတ်တောက်ရင်တောင် မှ ရေရှားပါးတဲ့ဒဏ်ကို ခံစားရစမြဲပါ။ အ၀ီစိတွင်းတွေ တူးတာ ဟာလည်း အမြဲတမ်းအတွက် အဆင်မပြေနိုင်ပါဘူး။ အထူးသဖြင့် ကန်ထရိုက်တိုက်ခန်းတွေမှာ အ၀ီစိတွင်းရေကို အမှီပြုနေရတာနဲ့အမျှ တိုက်မှာမြေကျွံတာတွေ ဖြစ်လာနိုင်ပါတယ်။

ရန်ကုန်မြို့မှာ ကွန်ကရစ် ပလက်ဖောင်းတွေ၊ ကွန်ကရစ်ကား ပါကင် အများအပြားပြုလုပ်လိုက်လို့ မိုးရေတွေဟာ မြေကြီးထဲ စိမ့်ဝင်ဖို့ အခွင့်အလမ်းနည်းသွားပါတယ်။ အကျိုးဆက်အနေနဲ့ မိုးရာသီမှာ လမ်းမတွေပေါ် ရေကြီးရေလျှံမှုတွေ ဖြစ်လာပြီး မြေအောက်ရေရင်းမြစ်တွေ နည်းလာပါတယ်။ မြေအောက်ရေနည်းလာရင် အ၀ီစိတွင်းကနေ ရေအမြဲတမ်းထွက်ဖို့ မလွယ်ကူတော့ပါဘူး။

မြေအောက်ရေလို့ခေါ်တဲ့ Ground Water ရင်းမြစ်ဟာ မိုးရေကနေ ရရှိတာမို့ မိုးရေကောင်းမွန်စွာ စိမ့်ဝင်နိုင်တဲ့ အနေအထားဖြစ်ဖို့ အရေးကြီးပါတယ်။ ရန်ကုန်မြို့မှာ ကွန်ကရစ် ပလက်ဖောင်းတွေ၊ ကွန်ကရစ်ကား ပါကင် အများအပြားပြုလုပ်လိုက်လို့ မိုးရေတွေဟာ မြေကြီးထဲ စိမ့်ဝင်ဖို့ အခွင့်အလမ်းနည်းသွားပါတယ်။ အကျိုးဆက်အနေနဲ့ မိုးရာသီမှာ လမ်းမတွေပေါ် ရေကြီးရေလျှံမှုတွေ ဖြစ်လာပြီး မြေအောက်ရေရင်းမြစ်တွေ နည်းလာပါတယ်။ မြေအောက်ရေနည်းလာရင် အ၀ီစိတွင်းကနေ ရေအမြဲတမ်းထွက်ဖို့ မလွယ်ကူတော့ ပါဘူး။

ရေအရင်းအမြစ်တွေနည်းပါးပြီး သန့်ရှင်းတဲ့ရေကို သောက်သုံးခွင့်မရရင် ရေနဲ့ဆက်သွယ်နေတဲ့ရောဂါတွေ ဖြစ်ပွားလာမှာ အသေ အချာပါပဲ။ ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ ရေသန့်ဗူးတိုင်းကို သန့်ရှင်းတယ်လို့ ပြောမရပါဘူး။ ရေအရင်းအမြစ် နည်းလာတာနဲ့အမျှ ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘ၀တွေမှာ ထိခိုက်မှုပိုများလာနိုင်တာကို မေ့မထားသင့်ပါဘူး။ ဒါကြောင့် သစ်တောပြုန်းတီးမှု ဆက်မဖြစ် အောင် ရေရှည်အစီအမံတွေ ချမှတ်လုပ်ဆောင်သင့်သလို တရားမ၀င် သတ္တုတူးဖော်မှုတွေ ရပ်တန့်အောင်ပါ လုပ်ဆောင်သင့်ပါတယ်။

သန့်ရှင်းတဲ့ရေကို အသုံးပြုခွင့်ဟာ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ရေအခွင့်အရေး (Water Right) ဖြစ်တာကြောင့် ရေအရင်းအမြစ် စီမံခန့်ခွဲ နိုင်ရေးအတွက် အမျိုးသားရေးဥပဒေ တစ်ရပ်ထွက်ပေါ်ဖို့ အလျင်အမြန် လိုအပ်နေပါကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။

သွေး(စစ်ကိုင်း)