ရော့ခ်ကဗျာနဲ့ နိုဘယ်လ်ဆု (ဆောင်းပါး)

0
456

thitsarni

(၁)

ကမ္ဘာတစ်ဝန်းမှာရှိတဲ့ စာပေသမားတွေ စိတ်ဝင်တစား မျှော်လင့်နေကြတဲ့ စာပေဆိုင်ရာ ၂၀၁၆ နိုဘယ်လ်ဆုကို ဘော့ဒိုင်လန် ရရှိ သွားကြောင်း ကြေညာတဲ့အခါ အံ့အားသင့်သူတွေ သင့်ကုန်ပါတယ်။ အမေရိကန်နိုင်ငံသားတစ်ယောက်ဦးအနေနဲ့ ဆင်ကလဲယားလူးဝစ္စ နောက်ပိုင်း အနှစ်သုံးဆယ်နီးပါးကြာမှ ဒုတိယ မြောက်အဖြစ် ရခဲ့သူဖြစ်ပေမဲ့ ရထိုက်၊ မရထိုက် ၀ိဝါဒကွဲပြားမှုတွေ ရှိနေခဲ့ပါတယ်။

Bod DyLan ဟာ အဆိုတော်၊ သီချင်းရေးဆရာ၊ တူရိယာဆရာ(ဂစ်တာနဲပ ကီးဘုတ်တီးခတ်) စာရေးဆရာနဲ့ပန်းချီဆရာဖြစ်ပါတယ်။ (ပန်းချီပြပွဲတွေ ကျင်းပပြီး ၁၉၉၄ ကနေ ယခုအထိ ပန်းချီနဲ့ပတ်သက်တဲ့ စာအုပ် ခြောက်အုပ် ထုတ်ဝေခဲ့ပြီးပြီ။ သူဟာ ၁၉၅၉ ကနေ ယနေ့အထိ ပေါ့ပ်မြူးဇစ်လောကမှာ အနှစ် ၅၀ ကျော် သြဇာလွှမ်းမိုးခဲ့သူလည်း ဖြစ်ပါတယ်။ ၁၉၆၈ ခုနှစ်များမှာ အထူးထင်ရှားခဲ့ပြီး သူနဲ့ခေတ်ပြိုင်မျိုးဆက်များနဲ့ ပတ်သက်ပြီး စာနယ်ဇင်းများမှာ ပြောရေးဆိုခွင့်ရှိသူအဖြစ် လက်ခံခဲ့ကြပါတယ်။ နိုဘယ်လ်ဆု ရွေးချယ် ရေးအဖွဲ့ကတော့ ကဗျာဆန်လွန်းလှတဲ့ သူ့သီချင်းတွေကြောင့် အမေရိကန်ဂီတကို ဂီတအသက်ဓာတ် သွင်းနိုင်သူအဖြစ် ရွေးချယ် တယ်လို့ အကြောင်းပြပါတယ်။ တကယ်လည်း သူ့သီချင်းတွေဟာ ကဗျာဓာတ်တွေနဲ့ ကြွယ်ဝနေပါတယ်။ (ဂျွန်လင်နွန်လိုပေါ့။) သီချင်းတွေကို လူတွေဂရုစိုက်လာအောင် ကဗျာစီသလို စီတာမျိုးတွေ သူကလုပ်တယ်။ သူ့ နာမည် ဘော့ဒိုင်လန်ဆိုတာ ကဗျာဆရာ ဒိုင်လန်သောမတ်ကို သဘောကျလို့ ပြောင်းခဲ့တာလို့ အင်တာဗျူးတစ်ခုမှာ ၀န်ခံခဲ့ဖူးတယ်။ ဒါပေမဲ့ . . . . လူတွေက ရော့ခ်ဂီတကို ဒါမှမဟုတ် ပေါ့ပ်မြူးဇစ်ကို အဆင့်မြင့် အနုပညာပုံသဏ္ဌာန်တစ်ခု (Art Form) အဖြစ် လက်ခံကြပေမဲ့ ဒါဟာ Liteature မဟုတ်ဘူး ဆိုတဲ့ ယုံကြည်စွဲလမ်းမှုကလည်း ရှိနေတယ်။ Music, Film နဲ့ Literature ဟာ သီးခြားစီလို့ စွဲမှတ်ထားကြတယ်။ သူ့ကို နိုဘယ်လ်ဆု ပေးလိုက်တဲ့အတွက် ဒီ Literature (ကျွန်တော်တို့ဆီမှာတော့ စာပေလို့ပဲ ဘာသာပြန်တယ်)ဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပာယ်ကို တိုးချဲ့ ပြင်ဆင်သတ်မှတ်ရမလား၊ ဒီလိုဆိုရင် နောင်မှာ ရုပ်ရှင်ပညာသည် တစ်ယောက်ယောက်ဟာရော စာပေဆိုင်ရာ နိုဘယ်လ်ဆုရှင် ဖြစ်လာနိုင်သလား။ သံသယစကားတွေ ဆိုနေကြပါတယ်။

ဒါပေမဲ့ . . . . လူတွေက ရော့ခ်ဂီတကို ဒါမှမဟုတ် ပေါ့ပ်မြူးဇစ်ကို အဆင့်မြင့် အနုပညာပုံသဏ္ဌာန်တစ်ခု (Art Form) အဖြစ် လက်ခံကြပေမဲ့ ဒါဟာ Liteature မဟုတ်ဘူး ဆိုတဲ့ ယုံကြည်စွဲလမ်းမှုကလည်း ရှိနေတယ်။ Music, Film နဲ့ Literature ဟာ သီးခြားစီလို့ စွဲမှတ်ထားကြတယ်

(၂)

Bob Dylan ရဲ့ နာမည်ရင်းဟာ Robert Allen Zimmerman တဲ့။ သူ့ကို ၁၉၄၁၊ မေ ၂၄ မှာ ပင်နီဆိုတာ ပြည်နယ်က Duluth မြို့လေးမှာ မွေးတယ်။ ကယ်လီဖိုးနီးယားက မာလီဗူးမှာ ကြီးပြင်းတယ်။ သူ့မိဘတွေက အိုဒက်မာ(ယခု ယူကရိန်း)ဆိုတဲ့ ရုရှား အင်ပါယာကနေ လူမျိုးရေးခွဲခြားဆက်ဆံခံရမှုကြောင့် အမေရိကန်ကို ၁၉၀၂ မှာ ပြောင်းရွှေ့လာကြတဲ့ ဂျူးအဆက်အနွယ်တွေ။ အဲဒီမှာ သူ ခြောက်နှစ်သားရောက်တော့ ရေဒီယို စနားထောင်ရတယ်။ Blue သီချင်းတွေပေါ့။ ဆယ်ကျော်သက်ရောက်တော့ သူဟာ Rock and Roll ပရိသတ် ဖြစ်နေပြီ။ အထက်တန်းကျောင်းပွဲတွေမှာ မိုက်ကရိုဖုန်းကိုင်ပြီး ဟဲနေပြီ။ ၁၉၅၉ သူ မင်နီဆိုတာ တက္ကသိုလ် တက်တော့ ကျောင်းနဲ့မလှမ်းမကမ်းမှာရှိတဲ့ Ten O’Clock Scholar ဆိုတဲ့ ကော်ဖီဆိုင်မှာ သီချင်းဆိုနေပြီ။ သူ စောစောပိုင်းက သီချင်းတွေဟာ ရိုးရာ Folk Music အခြေခံသော်လည်း ၁၉၆၅ မှာ ထွက်ပေါ်လာတဲ့ ခြောက်မိနစ်ရှည်တဲ့ ကြာတဲ့ Like a Rolling Stone ကစပြီး သူ့ကို ပေါ့ပ်ဂီတသမားအဖြစ် လက်ခံလာကြတယ်။ ဘဝတစ်လျှောက်သူဟာ ဂီတအမျိုးအစားများစွာ (Folx, Blue, Rock, Country, Gospel) ဖန်တီးခဲ့ပါတယ်။ သူ့ သီချင်းတွေရဲ့ အခြေခံအကြောင်းအရာကတော့ နိုင်ငံရေး၊ လူမှုရေး၊ ဒဿနဲ့ စာပေသြဇာ ဖြန့်ကျက်မှု တွေပါပဲ။ သူ့ရဲ့ Blowin in the Wind နဲ့ The Time They are A-Changin’ ဟာ နိုင်ငံသားအခွင့်အရေးနဲ့ စစ်ဆန့်ကျင်ရေး သီချင်းတွေဖြစ်ပါတယ်။ ပေါ့ပ်ဂီတရဲ့ အဓိကလက္ခဏာတစ်ရပ်ကိုက Counterculture တန်ပြန်ယဉ်ကျေးမှု သဘောဖြစ်ပါတယ်။ သူဟာ ဓာတ်ပြားအချပ်ရေသန်းတစ်ရာကျော်ရောင်းချခဲ့ရပြီး ထာဝရအရောင်း ရဆုံး ဂီတနုပညာရှင် စာရင်းထဲမှာ တစ်ဦးအပါအ၀င်ဖြစ်ပါတယ်။

၁၉၆၆ မှာ ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး ဂီတလှည့်လည်ဖျော်ဖြေပွဲတွေကို ရှစ်နှစ်လောက် နားခဲ့ရတယ်။ အဲဒါမဖြစ်ခင် ၁၉၆၅ မှာ အင်္ဂလန်ကို ဂီတဖျော်ဖြေပွဲထွက်ခဲ့ပြီး အဲဒီအကြောင်းမှတ်တမ်းတင်ရုပ်ရှင် Dont Look Back ကို ထုတ်ဝေခဲ့တယ်။ (အဲဒါကို စာအုပ် လုပ်ပြီး ပြန်ထုတ်တယ်) သူ့ အထုပ္ပတ္တိပထမပိုင်း Chronicle: Volume One ကို ၂၀၀၄ မှာ ထုတ်တယ်။ ၂၀၀၅ မှာ နာမည်ကျော် မာတင်စကော့ဆက်ဆီက No Direction Home ဆိုတဲ့ မော်ကွန်းရုပ်ရှင် ထုတ်ခဲ့သေးတယ်။ သူ နယူးယောက်ကို ရောက်လာတဲ့ ၁၉၆၁ ကနေ မော်တော်ဆိုင်ကယ်ထိခိုက်မှုဖြစ်တဲ့ ၁၉၆၆ အထိပေါ့။ Joan Beaz လို Allen Ginsberg လို ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံ မေးမြန်းခန်း တွေလည်း ပါတယ်။

၂၀၀၇ မှာတော့ သူ့အကြောင်း ရိုက်ထားတဲ့ I’m Not There ဆိုတဲ့ ရုပ်ရှင်ထွက်လာတယ်။ ဒါရိုက်တာ က Todd Haynes (၂၀၁၅ က နာမည်ကြီးသွားတဲ့ CAROL ဇာတ်ကားရိုက်တဲ့သူ) ဘော့ဒိုင်လန်ရဲ့ဂီတနဲ့ ဘ၀မှာအရေးပါခဲ့သူ ခြောက်ဦးအနေနဲ့ နာမည်ကြီး သရုပ် ဆောင် ခြောက်ဦး (Christian Bale, Cate Blancheet, Richard Grer, Heath Ledger, Marcus Carl Franklin, Ben Whishaw) ပါဝင်ထားတယ်။ ၂၀၀၇ စက်တင်ဘာ ၃ ရက် ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ စပြတာ။ ဒီဇာတ်ကားနာမည်ကလည်း အရင်က တရားဝင် မထွက်ဖူးသေးတဲ့ ဘော့ရဲ့ သီချင်းခေါင်းစဉ်ပဲ (၁၉၆၇ က တိပ်နဲ့ အသံသွင်းထားတာ။)

bob

ဘော့ဒိုင်လန်ဟာ ဂီတနဲ့ပတ်သက်ပြီး ဂရမ်မီဆု ၁၁ ဆုရပြီး ရွှေကမ္ဘာလုံးဆုနဲ့ အော်စကာဆုလည်း ရ သေးတယ်။ (၂၀၀၂ က ထွက်ခဲ့တဲ့ မိုက်ကယ် ဒေါက်ကလပ်ပါတဲ့ Wonder Boys ဇာတ်ကားထဲ Things Hove Changed ဆိုတဲ့ ဇာတ်ဝင်သီချင်းအတွက်) ပူလစ်ဇာ ဆုကလည်း ရလိုက်သေးတယ်။ မေ ၂၉/၂၀၁၃ မှာ အမေရိကန်သမ္မတ အိုဘားမားပေးတဲ့ Presidential Medal of Freedom ဆု ရတယ်။ အခု နိုဘယ်လ်ဆုရတယ်။

သူက ပန်းချီဆရာလည်းဖြစ်တယ်။ ၁၉၇၀ မှာထုတ်တဲ့ Self Portrait အယ်လ်ဘမ်ကာဗာက သူ့ပုံဟာ သူကိုယ်တိုင်ရေးတာပဲ။ ၁၉၇၄ ထုတ် Planet Waves ကာဗာလည်း သူပဲရေးတယ်။ သူ ပထမဆုံး ပန်းချီပြပွဲကို ဂျာမဏီက Chemnitz မှာ ကျင်းပတယ်။ Drawn Blank တဲ့။ ရေဆေးကား ၂၀၀ နဲ့ မူရင်းဂူချီနဲ့ ရေးထားတဲ့ လက်ရာတွေပါတယ်။ ၁၉၉၄ မှာ Random House ကနေ သူ့ပန်းချီတွေနဲ့ ပုံဆွဲစာအုပ်ထွက်တယ်။ အခုထိ ခြောက်အုပ်ထွက်ပြီးပြီ။

အိမ်ထောင်နှစ်ဆက်ကျခဲ့တယ်။ ကလေးငါးယောက်နဲ့ မွေးစားထားတဲ့ ကလေးတစ်ယောက်ရှိတယ်။

သစ္စာနီ