
0
611




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန် သမ္မတနဲ့ တရုတ် သမ္မတတို့ ၆ လအတွင်း ပထမဆုံးအကြိမ် ဖုန်းဆက်ဆွေးနွေး

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ ကုန်သွယ်ရေးကိစ္စနဲ့ မြောက်ကိုရီးယား အရေးတွေကို တယ်လီဖုန်းကနေတဆင့် ဆွေးနွေးခဲ့ကြပါတယ်။ အခု ဖုန်းဆက်ဆွေးနွေးမှုဟာ တရုတ် သမ္မတနဲ့ အမေရိကန် သမ္မတကြား ၆ လအတွင်း ပထမဆုံးအကြိမ် ဖုန်းဆက်ဆွေးနွေးတာ ဖြစ်ပါတယ်။

သမ္မတ ရှီကျင့်ဖျင်နဲ့ အင်မတန် အချိန်ရှည်ကြာပြီး အင်မတန် ကောင်းမွန်လှတဲ့ စကားပြောဆိုဆွေးနွေးမှု ဖြစ်ခဲ့တယ်လို့ အမေရိကန် သမ္မတက ပြောပါတယ်။ သူတို့နှစ်ဦး အကြောင်းအရာ မျိုးစုံကို ပြောဆိုခဲ့ကြတယ် ဆိုတာနဲ့ အဲဒီအထဲမှာ ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး အထူးအလေးပေး ပြောဆိုခဲ့တဲ့အပြင် မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးမှုတွေ ကောင်းကောင်း လုပ်နိုင်ခဲ့တယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။

နိုဝင်ဘာလကျရင် အာဂျင်တီးနားနိုင်ငံမှာ ကျင်းပမယ့် G-20 ထိပ်သီး အစည်းအဝေးမှာ သမ္မတ ရှီကျင့်ဖျင်နဲ့ သီးခြား တွေ့ဆုံဖို့ကိုလည်း စီစဉ်နေတယ်လို့လည်း အမေရိကန် သမ္မတက ပြောပါတယ်။