နောင်အရေး စိတ်အေးကြချင်ရင် (ဆောင်းပါးကဏ္ဍ)

0
385

လူကြီးများရဲ့အမြင်

လက်ရှိ ကျွန်တော်က ကုမ္ပဏီဝန်ထမ်းတစ်ဦးပါ။ မနေ့ညက ကုမ္ပဏီမှာ ဘန်ကောက်က ပြန်ရောက်လာတဲ့ CEO က အစည်းအဝေးတစ်ခု လုပ်ပါတယ်။ အဲဒီအစည်းအဝေးမှာ အသက် ၆၀ တန်း အရွယ် CEO က ”ကျွန်တော် ဘန်ကောက်မှာ လုပ်ငန်းနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်အချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူတို့ CEO ဆိုတဲ့ ထိုင်းလူမျိုးဆိုရင် အသက် ၄၀ လောက်ပဲ ရှိပါသေးတယ်။

လက်ထောက်နှစ်ယောက်ကလည်း အသက် ၃၀ စွန်းစွန်း အရွယ်တွေ ပါပဲ။ သူတို့ရဲ့ ပြောပုံဆိုပုံ တွေးခေါ်ပုံနဲ့ အကွက်မြင်မှုတွေကတော့ နိုင်ငံတကာထိပ်တန်း စီးပွားရေး ပုဂ္ဂိုလ် တွေလို ပါပဲ။ ဒါကို တွေ့ရတော့ ကျွန်တော်တို့နိုင်ငံရဲ့ အနေအထားနဲ့ လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် တကယ် စိတ်မကောင်းဖြစ်မိတယ်” လို့ဆိုပါတယ်။ အသက် ၇၀ တန်းအရွယ် ရှိနေပြီဖြစ်တဲ့ ကုမ္ပဏီရဲ့ GXM ကတော့ ”နိုင်ငံရဲ့လက်ရှိ အသက် ၄၀ ၅၀ အရွယ်တွေကိုတော့ တွန်းအားပေး မျှော်လင့်ဖို့ဆိုတာ မဖြစ်နိုင် တော့ပါဘူး။ အခု လွတ်လပ်မှုနဲ့အတူ ဖွံ့ဖြိုးလာမယ့် အသက် ၂၀ အရွယ် မျိုးဆက်ကျရင် အဲဒီလို ပြန်ဖြစ် လာမယ်လို့ မျှော်မှန်းပါတယ်” ဆိုပြီး သူ့အမြင်ကို ပြောပါတယ်။

အစိုးရရဲ့ကြိုးပမ်းမှု

ကနေ့မနက် နိုင်ငံပိုင်သတင်းစာ ဖတ်တဲ့အချိန်မှာတော့ မျက်နှာဖုံးသတင်းမှာ ကလေးစာပေပွဲတော် စာပေ ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို မန္တလေးမှာ ကျင်းပခဲ့တဲ့ သတင်းနဲ့ နိုင်ငံတော် သမ္မတကြီးနှင့်ဇနီးလည်း တက်ရောက်ချီးမြှင့်ခဲ့ကြောင်းကို ဖတ်ရပါတယ်။ သမ္မတကြီးက ကလေးစာပေဟာ အမြဲတမ်းရှင်သန် သက်ဝင် နေမည့် စာပေဖြစ်ကြောင်း၊ ထိုကဗျာစာပေများကြောင့် နိုင်ငံချစ်စိတ်တွေပေါ်ပေါက်ခဲ့ကာ တိုင်းကျိုးပြည်ကျိုး ထမ်းဆောင်လိုစိတ်တွေ မြင့်တက်လာခဲ့ကြောင်း, ယနေ့ကလေးတွေ စာဖတ်လာအောင် စည်းရုံးဆောင်ရွက် သင့်ကြောင်း၊ ကလေးများစာပေနဲ့ရင်းနှီးပြီး စာပေဝန်းကျင်မှာ မွေ့လျော်လာအောင် အဖွဲ့အစည်းအသီးသီးက ပူးပေါင်းပါဝင်ပေးကြစေလိုကြောင်း ပြောကြားခဲ့ပါတယ်။ အနာဂတ်ကလေးများ စာပေဖတ်ရှုခြင်းမှာ မွေ့လျော်လာဖို့အတွက် အလွန်ပီတိဖြစ်စရာ ကြိုးပမ်းအားထုတ်မှုတစ်ခုပါ။

ကျွန်တော့်အတွေ့အကြုံနှင့် အမြင်

ယခုလို စာအုပ်ပွဲတော်တွေ စာတမ်းဖတ်ပွဲတွေကို နိုင်ငံအဆင့် စီစဉ်ဖော်ထုတ် ကျင်းပပေးနေမှုတွေဟာ အလွန် ကောင်းမြတ်တဲ့အစဉ်အလာနဲ့ တန်ဖိုးရှိတဲ့ ကြိုးပမ်းအားထုတ်မှုတွေ ဖြစ်ပါတယ်။ သို့သော်လည်း ဒီလိုကြိုးပမ်း ဆောင်ရွက်ပေးမှုဟာ Cultural Heritage မပျောက်ပျက်ဖို့နဲ့ Reading Habits Promotion အားကောင်း လာအောင် တွန်းအားပေးတဲ့ Drives မျှသာ ဖြစ်ပါတယ်။ Wisdom Developments အသိဉာဏ် ဖွံ့ဖြိုး တက်မှုအတွက် မူဝါဒ policy နဲ့ လမ်းကြောင်း directions တော့ မဟုတ်သေးပါဘူး။ ကလေးတွေ နိုင်ငံ တကာနဲ့ ရင်ဘောင်တန်းတဲ့ အသိအမြင်ကို ရဖို့ဆိုတာဟာ ဒီနေ့ နိုင်ငံတကာမှာ ဘာဖြစ်နေတယ်ဆိုတာကို ချက်ချင်းလက်ငင်း သို့မဟုတ် အမြန်ဆုံးသိရှိနိုင်ကြဖို့က ပိုအရေးကြီးပါတယ်။ ဒီနေ့ ကမ္ဘာရဲ့ နိုင်ငံရေး စီးပွားရေးနဲ့ လူမှုဆက်ဆံရေး ဖြစ်ပေါ်ပြောင်းလဲနေမှုတွေကို သတင်းတစ်ခု အနေနဲ့သာမကဘဲ နိုင်ငံတကာ စာရေးဆရာတွေ၊ ကဏ္ဍအလိုက် ပညာရှင်တွေ၊ သုတေသနပြု ခွဲခြမ်းစိတ်ဖြာသူတွေရဲ့ အတွေးအမြင် စာအုပ် စာစောင်တွေကိုပါ ဖတ်ရှုနိုင်ကြဖို့ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာဟာ အဓိကဖြစ်သလို အခြားဘာသာတွေ ကိုလည်း လေ့လာစူးစမ်းနိုင်ရပါမယ်။

ဒါ့ကြောင့် နိုင်ငံတကာရဲ့ အဖြစ်အပျက်တွေကို အချိန်နဲ့တစ်ပြေးညီဖော်ညွှန်းပြဆိုနိုင်မယ့် ဘာသာပြန် အသင်းမျိုး ပေါ်ပေါက်လာဖို့ဟာ အထူးအရေးကြီးတယ်လို့ မြင်ပါတယ်။ ဘယ်စာအုပ်ကိုဖတ်သင့်တာကိုပါ guide လုပ်ပေးဖို့ပါ။ လွတ်လပ်ရေးရခါစက နိုင်ငံမှာ ဘာသာပြန်အသင်း(စာပေဗိမာန်) ဆိုတာရှိခဲ့ပြီး နိုင်ငံရဲ့ ပညာရေး ကဏ္ဍက ထူးချွန်ပုဂ္ဂိုလ်တွေ၊ ဒိတ်ဒိတ်ကြဲ စာရေးဆရာတွေက ဦးစီးခဲ့တာပါ။ အစိုးရဝန်ကြီးချုပ်လို ပုဂ္ဂိုလ်မျိုးကိုယ်တိုင်က အထူးအားပေးခဲ့တာပါ။ အဲဒီတုန်းက မြန်မာနိုင်ငံရဲ့ စာပေကဏ္ဍဟာ သုတရသ စာပေနှစ်မျိုးစလုံးမှာ ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်ပြီး မြန်မာတွေရဲ့ အတွေးအခေါ် အမြော်အမြင်ဟာလည်း အာရှမှာ ထိပ်တန်းအဆင့်ရှိခဲ့ပါတယ်။ ဒါ့ကြောင့် မျက်မှောက်မြန်မာစာပေ ဖွံ့ဖြိုးတက်လာရေးအတွက် ဘာသာပြန်အသင်းကြီး ပြန်လည်ဖွဲ့စည်းတည်ထောင်ပြီး ခေတ်မီစာပေတွေကို မြန်မာတွေ အမြန်ဆုံးဖတ်ရှုနိုင်ဖို့ မူဝါဒမျိုးကို ဆောင်ရွက်သင့်တာပါ။

ပြီးခဲ့တဲ့ အစိုးရ ပြန်ကြားရေးဌာနဟာ ဒီလိုအသင်းကြီး ပြန်လည်ထူထောင်နိုင်ဖို့, လူ့အရင်းအမြစ်တွေ မွေးထုတ် ဖို့၊ ဘာသာပြန်နည်းပညာ စက်ကိရိယာဆန်းတွေ ရရှိနိုင်ဖို့ ဂျော့ဂ်ျဆိုရော့စ်လို ပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ကစလို့ UNESCO, JICA, အမေရိကန်နဲ့ စကင်ဒီနေးဗီးယား နိုင်ငံတွေအထိ သေချာစွာ ရှင်းပြပြီး အကူအညီတွေ တောင်းခံခဲ့ပါတယ်။ ဘာမှ ဖြစ်ဖြစ်မြောက်မြောက်မရခဲ့ပါဘူး။ မြန်မာကလေးတွေ အနာဂတ်ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ဒီမူဝါဒဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လိုပဲ အထူးအရေးကြီးတယ်လို့ ခံယူပါတယ်။ နောက်ဆယ်နှစ်ခန့် အတွင်း နိုင်ငံတကယ် ငြိမ်းချမ်းရေး ပြန်လည်ရရှိချိန်မှာ ဖွံ့ဖြိုးတိုးတက်ပြီး လူ့အရင်းအမြစ်တွေက အဆင်သင့် ရှိမနေခဲ့ရင် အမျိုးသားပြန်လည် သင့်မြတ်ရေး ဘယ်လောက် ရေရှည်ခံနိုင်မယ်ဆိုတာကိုလည်း တွေးကြည့် ကြဖို့ပါ။ ဒါ့ကြောင့် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကိုယ့်အားကိုယ်ကိုး ရန်ပုံငွေ ရှာလုပ်သလိုပဲ စာပေဖွံ့ဖြိုးရေးအတွက်ကိုလည်း ရန်ပုံငွေတစ်ခုထူထောင်ပြီး အမြန်ဆုံး လုပ်ဆောင်သင့်တယ်လို့ ထင်ပါတယ်။

နိဂုံး

နောက်ဆုံးတော့လည်း ရုရှားစာရေးဆရာကြီး Alexander Pushkin ရဲ့ စာပိုဒ်တစ်ပိုဒ်ထဲက စာလုံးတချို့နဲ့ အဆုံးသတ်ချင်ပါတယ်။
သူက ”ကော့ကေးဆပ် တောင်တန်းသားတို့ရေ… ငါတို့တုန်းကလည်း လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရင်း အသက်တွေကို ပေးဆပ်ခဲ့ကြတယ်။ မင်းတို့လက်ထက်မှာလည်း လွတ်မြောက်ရေးအတွက် ဆက်ပြီး တိုက်ပွဲဝင် ပေးကြပါ”တဲ့။ နိုင်ငံ့ကလေးတွေအတွက် အပြုသဘော ရေးသားပြောဆိုမှုတွေကို လက်ခံပြီး ဆက်လက်ချီတက် ကြပါစို့လားဗျာ။