
0
46




မာဒါဂါစကာမှာ ကျင်းပတဲ့ ဆက်သွယ်ဆောင်ရွက်မှု နည်းလမ်းများအသုံးပြုရေး အစည်းအဝေး မြန်မာတက်ရောက်


ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံတွေမှာ လူသားအကျိုးပြု နျူကလီးယား သိပ္ပံနဲ့ နည်းပညာ ငြိမ်းချမ်းစွာ အသုံးပြုခြင်း အသိအမြင် တိုးတက်လာစေရေးအတွက် ဆက်သွယ်ဆောင်ရွက်မှု နည်းလမ်းတွေ အသုံးပြုရေး ဒေသဆိုင်ရာ အစည်းအဝေးကို မာဒါဂါစကာနိုင်ငံ၊ အန်တာနာနာရီဗိုမြို့မှာ ကျင်းပနေပါတယ်။


သြဂုတ်လ ၁၉ ရက်နေ ၂၃ ရက်နေ့အထိ ကျင်းပတဲ့ အဲဒီအစည်းအဝေးကို မြန်မာနိုင်ငံက ကိုယ်စားလှယ် နှစ်ဦးအပါအဝင် အာဖဂန်နစ္စတန်၊ အင်ဂိုလာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘီနင်၊ ဘာကီနာဖူဆို၊ ဆူဒန်၊ ဇမ်ဘီယာ စတဲ့ ၂၇ နိုင်ငံက ကိုယ်စားလှယ်တွေ အပါအဝင် အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) က ကျွမ်းကျင် ပညာရှင် နှစ်ဦးလည်း တက်ရောက်နေပါတယ်။


နျူကလီးယား နည်းပညာတွေရဲ့ အကျိုးကျေးဇူးကို ကျယ်ကျယ်ပြန့်ပြန့် သိရှိဖို့၊ နျူကလီးယား နည်းပညာဆိုင်ရာ ကောင်းကျိုးတွေ အများပြည်သူ သိရှိဖို့၊ IAEA အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆောင်ရွက်ချက်တွေကို အစိုးရတွေ၊ ဆုံးဖြတ်ချက်ချမှတ်သူတွေနဲ့ အများပြည်သူတွေ သတင်းအချက်အလက်နဲ့ ဆက်သွယ်စည်းရုံးရေး လုပ်ဆောင်ရာမှာ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အားပေးမြှင့်တင်ဖို့ ရည်ရွယ်ပြီး အခု အစည်းအဝေးကို ကျင်းပတာ ဖြစ်ပါတယ်။