တရားမဝင် မြန်မာ အလုပ်သမားတွေ တင်ဆောင်လာတဲ့ ထရပ်ကား မောင်းသမားတွေကို ထိုင်းတောင်ပိုင်းမှာ ဖမ်းဆီး

0
214

အထောက်အထား မရှိတဲ့ မြန်မာအလုပ်သမား ၂၄ ဦးကို တင်ဆောင်လာတဲ့ ကား နှစ်စီးကို ထိုင်းတောင်ပိုင်းမှာ တွေ့ရှိရပြီး ထရပ်ကား မောင်းသမား နှစ်ဦးကို မနေ့က မတ်လ ၂၀ ရက်နေ့မှာဖမ်းဆီးလိုက်ပါတယ်။

ထိုင်းရောက် မြန်မာ အလုပ်သမားတစ်ဦး

အလုပ်သမား အထောက်အထား မရှိတဲ့ မြန်မာတွေကို ထိုင်းအလယ်ပိုင်းကနေ ထိုင်းတောင်ပိုင်းဆီကို တင်ဆောင်လာတာဖြစ်ပါတယ်။ မြန်မာ အမျိုးသား ၂၀ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ ဖြစ်ကြပါတယ်။

ကားမောင်းသမားတွေဟာ ဒါမျိုး တရားမဝင် ပို့ဆောင်တာ ပြီးခဲ့တဲ့ လတွေထဲမှာ ၃ ကြိမ်ရှိပြီ ဖြစ်ကြောင်း၊ ဒီလို ပို့ဆောင်ပေးတဲ့အတွက် အလုပ်သမား တစ်ဦးလျှင် ၃၇ ဒေါ်လာကနေ၊ ၄၂ ဒေါ်လာအထိ ရကြောင်း ကားမောင်းသမားတွေက ဝန်ခံကြပါတယ်။ ကားမောင်းသမားတွေကို တရားမဝင်လုပ်သား ကုန်ကူးမှုနဲ့ အရေးယူထားပါတယ်။

လူကုန်ကူးမှုကွန်ရက်တွေ ဘယ်လောက် ကျယ်ပြန့်သလဲဆိုတာ ထိုင်းရဲတွေက စုံစမ်းစစ်ဆေးနေပါတယ်။

မြန်မာနိုင်ငံက အလုပ်သမားတွေ အပေါ် ခေါင်းပုံဖြတ်မှု၊ အနိုင်ကျင့်မှုတွေကြောင့် ထိုင်းဟာ ဝေဖန်ခံနေရပါတယ်။ မြန်မာ အလုပ်သမားတွေဟာ ထိုင်းမှာ အန္တရာယ်များတဲ့ အလုပ်တွေကို ဈေးပေါပေါနဲ့ လုပ်ကိုင်နေကြရတာ ဖြစ်ပါတယ်။