တပ်မတော် အင်အားတောင့်တင်းအောင် တိုးချဲ့ဆောင်ရွက်နေတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ပြော

0
292

မြန်မာ့တပ်မတော်အနေနဲ့ အင်အားကြီးနိုင်ငံတွေရဲ့ အထင်အမြင်သေးစွာ ပြုမူပြောဆိုတာတွေ မခံရစေဖို့အတွက် အင်အားတောင့်တင်းအောင် တိုးချဲ့ဆောင်ရွက်နေတယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

အောက်တိုဘာလ ၅ ရက်နေ့က မွန်ပြည်နယ်မော်လမြိုင်မြို့ရှိ မြို့တော်ခန်းမမှာ ကျင်းပပြုလုပ်တဲ့ တက္ကသိုလ်နှင့် အခြေခံပညာကျောင်းတွေအတွက် ကွန်ပျူတာပေးအပ်လှူဒါန်းခြင်းနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ငွေပေးအပ်လှူဒါန်းတဲ့ အခမ်းအနားမှာ ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားတဲ့နေရာမှာတော့ တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခတွေကို အကြောင်းပြုပြီး အင်အားတိုးချဲ့မှုတွေ ရှိနေတယ်လို့ ပြောဆိုမှုတွေ ရှိနေကြောင်းနဲ့ တပ်မတော် အနေနဲ့ကတော့ နိုင်ငံတော်ကာကွယ်ရေးအတွက် သင့်တင့်တဲ့ ကာကွယ်ရေးစွမ်းပကားရှိဖို့ရာ အတွက် တည်ဆောက်နေတာဖြစ်တယ်လို့ ပြောကြားလိုက်တာဖြစ်ပါတယ်။

Min Aung Hlaing

ဒါအပြင်အဲ့ဒီအခမ်းအနားမှာပဲ တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို တိုက်ခိုက်ရာ ဓာတုလက်နက်တွေ အသုံးပြုနေတယ်ဆိုတဲ့ ပြောဆိုမှုတွေဟာလည်း မှန်ကန်မှုမရှိဘူးလို့ ဆိုပါတယ်။

တပ်မတော်အနေနဲ့ ဓာတုလက်နက် မပြန့်ပွားဖို့အတွက် ပါဝင်လက်မှတ်ထိုးဖို့ ဆောင်ရွက်နေပြီး ဓာတုလက်နက် အသုံးပြုမှုမရှိကြောင်း ကုလသမဂ္ဂကိုလည်း တရားဝင်ပြောကြားထားပြီးဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ၁၉၈၀ ခုနှစ်ဝန်းကျင်တွေလောက်က ဓာတုလက်နက် ထုတ်လုပ်ဖို့ သုတေသနပြုမှုတွေ လုပ်ခဲ့ပေမယ့် ၁၉၈၈ ခုနှစ် မတိုင်ခင်ကတည်းက အဲ့ဒီအစီအစဉ်ကို ဖျက်သိမ်းခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ တပ်မတော်အစိုးရတာဝန်ယူစဉ်ကာလတွေတုန်းက မြန်မာစစ်အစိုးရအနေနဲ့ ဓာတုလက်နက်အပါအ၀င် နျူးကလီးယားစီမံကိန်းကို မြောက်ကိုရီးယားနဲ့ ရုရှားတို့ရဲ့ အကူအညီနဲ့ ဆောင်ရွက်မှုတွေရှိခဲ့တယ်လို့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ဖော်ခဲ့တာဖြစ်ပါတယ်။