ခရီးသွားခွင့် မပိတ်ခင် အမေရိကန် ခရီးသွားတွေ မြောက်ကိုရီးယားကို အပြေးအလွှား လည်ပတ်

0
290

အမေရိကန်က မြောက်ကိုရီးယားကို ခရီးသွားလာခွင့် ပိတ်ပင်မယ့် စက်တင်ဘာလ ၁ ရက်နေ့ မတိုင်ခင် သတ္တိကောင်းတဲ့ အမေရိကန် ခရီးသွားတချို့ဟာ မြောက်ကိုရီးယားကို အပြေးအလွှား သွားရောက် လည်ပတ်နေကြပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့မှာ အမေရိကန် ပတ်စ်ပို့ ကိုင်ဆောင်သူတွေဟာ မြောက်ကိုရီးယားကို ခရီးသွားလာခွင့် ရှိတော့မှာ မဟုတ်ဘဲ မြောက်ကိုရီးယားမှာ ရှိနေတဲ့ အမေရိကန်တွေလည်း အဲဒီရက် မတိုင်ခင် ထွက်ခွာရမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာထားပါတယ်။

ဝါရှင်တန်နဲ့ ပြုံယမ်းကြား ဆက်ဆံရေး ဆိုးရွားနေတဲ့အတွက် အမေရိကန် နိုင်ငံသားတွေရဲ့ လုံခြုံမှုကို ရှေးရှုပြီး ဆုံးဖြတ်တာ ဖြစ်တယ်လို့ အမေရိကန် အစိုးရက ပြောပါတယ်။

မြောက်ကိုရီးယားကို သွားရောက် လည်ပတ်သူတွေဟာ အခန်းမသင့်ရင် ကာလရှည်ကြာ ထိန်းသိမ်းခံရနိုင်တယ်လို့လည်း ပြောထားပါတယ်။

လက်ရှိမှာလည်း မြောက်ကိုရီးယားဟာ အမေရိကန် ပညာရှင်နှစ်ဦးကို ဖမ်းဆီးထားပါတယ်။

မြောက်ကိုရီးယားက တစ်နှစ်ခွဲကြာ ဖမ်းထားတဲ့ အမေရိကန် ကျောင်းသား အိုတို ဝမ်ဘီယာ ပြီးခဲ့တဲ့ ဇွန်လမှာ အမေရိကန် ပြန်ရောက်ပြီး ထူးဆန်းစွာ သေဆုံးပြီးနောက် ခရီးသွားလာခွင့် ပိတ်ပင်မှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။