ဗိုလ်ကြီးဟောင်း ၀င်းထိန် ဘာလဲ ဘယ်လဲ

0
435

လွန်ခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းက ရှမ်းပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်နယ်ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုး၊ ခရိုင် ဥက္ကဋ္ဌ ဦးတင်မောင်ကိုတို့ကို ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ပါတီကနေထုတ်ပယ်ခဲ့တဲ့အပေါ် မကျေလည်မှုတွေ ဖြစ်ခဲ့တဲ့တာကြောင့် စစ်ဆေးမေးမြန်းမှုတွေရှိနေခဲ့ပါတယ်။ ဦးဝင်းထိန်ရဲ့ လုပ်ရပ်ဟာ အာဏာရှင်ဆန်ပြီး မောက်မာတဲ့ အပြု အမူတွေ နဲ့ အနိုင်ကျင့်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေနဲ့ နိုင်ငံရေးအသိုင်း အဝိုင်း ကဝေဖန်မပြညှ်ုတွေလည်း မြင့်တက်နေတဲ့ အချိန်မှာပဲ သတင်းမီဒီယာတစ်ခုမှာ နိုင်ငံရေးဆောင်းပါးတွေရေးနေတဲ့ ဒေါက်ရန်မျိုးသိန်း(နိုင်ငံရေးအကျဉ်းသားဟောင်း)နဲ့ပတ်သက်တဲ့ ပြောဆိုမှုတွေကြောင့် ဦးဝင်းထိန်ကို ဒေါက်တာရန်မျိုးသိမ်းက စကားစစ်ထိုးပွဲ ပြုလုပ်ဖို့ စိန်ခေါ်မှုတွေကို ပြုလုပ်လိုက်ပြန်ပါတယ်။ ထိပ်ပိုင်းခေါင်းဆောင်နေရာမှာ တာဝန်ယူထားသူတစ်ယောက်အနေနဲ့ အခုလိုပြသနာတွေဖြစ်ပေါ်စေမယ့် စကားလုံးတွေ အာဏာရှင် ဆန်တဲ့ စကားလုံး မျိုးတွေသုံးလာတာဟာ လက်ရှိမှာ အာဏာရှင်စနစ်ကို နှစ်ပေါင်း၂၀ကျော်ကြာတွန်းလှန်ဖြတ်သန်းခဲ့တဲ့ ပါတီကြီးရဲ့ ဂုဏ်သိက္ခာကိုထိခိုက်နိုင်သလို ဦးဆောင်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းကြည်ရဲ့ ပုံရိပ်ကိုလည်း ထိခိုက်စေ တယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ် ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသား အချို့ရဲ့သုံးသပ်ပြောကြားချက် တွေကို MCN သတင်းဌာနက သီးခြားစီ ဆက်သွယ်မေးမြန်း စုစည်းဖော်ပြလိုက်ပါတယ်။

14877678_987884204671927_918290924_n

ကိုဘိုကြည် (အတွင်းရေးမှူး)

နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP)

အဖွဲ့အစည်းတစ်ခုမှာ တာဝန်ကြီးကြီးယူထားတယ်ဆိုရင် အဲဒီမှာ သူ့ရဲ့ တစ်ဦးတည်း ဝေဖန်မှု တွေနဲ့ ပြောလို့ မရပါဘူး။ အဖွဲ့အစည်းကို တာဝန်ခံပြီးပြောဆိုရပါတယ်။ အထူးသဖြင့်တော့ အဖွဲ့အစည်းရဲ့ ပေါ်လစီတွေနဲ့ မမှားအောင် ပြောဆိုဖို့ လိုပါတယ်။ အဲလိုပဲ ပုဂ္ဂိုလ်ရေးအရ တခြားလူတစ် ဦးဦးကိုလည်း ပုဂ္ဂိုလ်ရေးအရ မဟုတ်ဘဲနဲ့ပြောဆိုတာ မျိုးတွေလည်း လုပ်လို့ မရတော့ပါဘူး။ အဲဒီလို လုပ်မယ် ဆိုရင်တော့ ကိုယ့်ရဲ့ပြောဆိုချက်တွေဟာ ကိုယ့်အဖွဲ့အစည်း ကို ထိခိုက်လာတတ်ပါတယ်။ အထူးသဖြင့်တော့ အဖွဲ့အစည်းကြီးကြီးမှာ တာဝန်ကြီးကြီး ယူထားတဲ့သူတွေ သတိထားရမယ့်ကိစ္စ မျိုးပါ။ အခုလို လက်လွတ်စပယ် ပြောဆို လိုက်တာ တွေဟာ ကိုယ့်ရဲ့ပါတီ ကိုယ့်ရဲ့ အဖွဲ့အစည်းမှာ ထိခိုက်မှုတွေရှိနိုင်တယ်။ ဒါ့အပြင် အဲဒီအဖွဲ့ အစည်းမှာ အဓိကကျတဲ့ တာဝန်ကို ယူထားတဲ့သူဆိုရင် အဲ့ဒီအဖွဲ့အစည်းကို တိုက်ရိုက်ထိခိုက် တာပဲ။ အဖွဲ့အစည်းအနေနဲ့ကလည်း ဒီလိုလူမျိုးကို ပြန်လည်ပြီးတော့ စစ်ဆေးဖို့လိုပါလိမ့်မယ်။ သုံးသပ်ဖို့လိုပါလိမ့်မယ်။ အခုချိန်မှာ စိုးရိမ်ပူပန်မှုတွေ ကတော့ အကုန်လုံးမှာရှိနေကြပါတယ်။ တစ်ဖက်ကလည်း အာဏာရပါတီဖြစ်နေ တယ်။ တစ်ဖက်ကလည်း ဘာပဲ ပြောပြော လူအများက လက်သင့်ခံထားတဲ့သူ ဖြစ်နေတဲ့အချိန်မှာ ဒီလိုပြဿနာမျိုးတွေက ကြီးကြီး မားမား မဖြစ်လေကောင်းလေပါပဲ။

 

sannyကိုစံနီ
(နိုင်ငံရေးအကျဉ်းသားဟောင်း)
ထောင်ထဲမှာကတော့ သူတို့နဲ့ ကျွန်တော်ကအတူတော့ မနေခဲ့ရဘူး။ ဒါပေမယ့် ကိုရန်မျိုးသိမ်း ပြန်ပြောထားတာကို ဖတ်ကြည့်လိုက်တဲ့ အခါကျတော့ ဦးဝင်းထိန် ပြောထားတာနဲ့ တလွဲစီဆိုပြီး ဖတ်လိုက်ရတယ်။ ထောင်ထဲမှာ နေထိုင်ခဲ့တဲ့ သူတိုင်းမှာ သူ့သမိုင်းကြောင်း ရှိကြတယ်။ ဘယ်ထောင်မှာမဆို ဘယ်သူတွေက ဘယ်အချိန်မှာ နေခဲ့တယ်၊ ဘယ်လိုနေခဲ့ တယ်ဆိုတာတဲ့ သမိုင်းကြောင်းကတော့ ရှိပြီးသား။ ဒါပေမယ့် သူတို့ဖြစ်နေတာက ဘယ်သူမှား တယ် မှန်တယ်ဆိုကတော့ မပြောလိုပါဘူး။ ဒါပေမယ့် ဦးဝင်းထိန်အနေနဲ့ တောင်ကြီး ကိစ္စလိုဟာမျိုးမှာ ဖြစ်ခဲ့တဲ့အပိုင်းတွေနဲ့ပတ်သက်ပြီးတော့ ပါတီစည်းကမ်း ထိန်းသိမ်းရေး ကလည်း ဦးဝင်းထိန်ကိုစစ်ဆေးနေတယ်။ အဲဒီပြဿနာမှာဆိုရင် ဦးဝင်းထိန်က ဒေါ်အောင် ဆန်းစုကြည်ရဲ့ အမိန့် ညွန်ကြားချက်အရဆိုပြီးပြောခဲ့တယ်။ အခုကျတော့ သူက မဟုတ်ပြန် ဘူး ဖြစ်နေတယ်။ ပြီးတော့စီအီးစီရဲ့ ဆုံးဖြတ်ချက်လည်း မဟုတ်ဘူး။ သူ့ရဲ့ ဆုံးဖြတ်ချက်အရ သာ ဖြစ်ပါတယ်ဆိုပြီး ပြောပြန်ရော။ အဲဒီလို ပြောဆိုချက်တွေဟာ ကျွန်တော်တို့ တိုင်းပြည် အနေနဲ့ ဒီမိုကရေစီစနစ်ကို စတင်ပြီးသွားနေတဲ့ အချိန်မှာ ဒီမိုကရေစီပါတီကြီး တစ်ခုအနေနဲ့ သူ့အပြစ်ရှိတဲ့ သူတစ်ယောက်ကို အရေးယူမယ် ဆိုရင် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက် စီအီးစီ အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ အညီ ဖြစ်သင့်တာပေါ့။ တစ်ဦးတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်အရ ငါလုပ်ချင်တာလုပ်တယ်။ ငါဖြုတ်ချင်လို့ဖြုတ်တယ်။ အာဏာရှင် ဆန်သင့်ရင် ဆန်ရမယ် ဆိုတာ သူ့ပါးစပ်က ကိုယ်တိုင် ပြောတာ အဲဒီအင်တာဗျူးမှာလည်း ပြောတယ်။ ဒီလိုလုပ်ရပ်ကြီးက ပါတီရဲ့ သွားနေတဲ့လမ်း ကြောင်းနဲ့သွေဖည်နေတယ်။ အာဏာရှင်ဆန်နေတယ်၊ ဒါအာဏာရှင်ပဲ။ ကျွန်တော်ကတော့ အခုလိုပြောဆိုတာတွေ အခုလုပ်ဆောင်ချက်တွေ ကိုကန့်ကွက်တယ်။ ဒါမျိုးလုံးဝမဖြစ်သင့်ဘူးလို့မြင်တယ်။ အခုအခြေအနေက သာမန်အဖွဲ့ဝင်တစ်ယောက်က လုပ်ဆောင်လိုက်တာမဟုတ်ဘူး ဦးဝင်းထိန်ဆိုတာကလည်း ပါတီစည်းကမ်း ထိန်းသိမ်းရေးမှာ ပါဝင်တဲ့သူ တစ်ယောက်ဖြစ်တယ်။ နောက်စီအီးစီမှာလည်း ပါဝင်တဲ့ လူတစ်ယောက်ဖြစ်တယ်။ ဆိုတော့ ပါတီရဲ့ ပုံရိပ်တင်မကဘူးဗျ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ကိုပါ ထိခိုက်တယ်။ ကျွန်တော်အဲဒီလိုပဲ မြင်တယ်။

 

thet-ooကိုသက်ဦး(အလုပ်မှုဆောင်ကော်မတီအဖွဲ့ဝင်)

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့

သူနဲ့ ကျွန်တော် မြင်းခြံထောင်မှ နေခဲ့တယ်။ သူရဲ့ ထောင်တွင်းဖြတ်သန်းမှုက သူနဲ့ကျွန် တော်ကြုံခဲ့တာ ၁၉၉၇ ခုနှစ်ကနေ ၂၀၀၁ ခုနှစ် အထိ မြင်းခြံထောင်မှာ နေခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ထောင်တွင်းဖြတ်သန်းမှု။မောက်မာတယ်။ သူကို သူတို့ NLD အများစုက ဘာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိအဖြစ်နဲ့ ထောင်ထဲကိုရောက်လာတယ်ပေါ့ဗျာ။ အဲဒီလို ရောက်လာတဲ့အခါမှာ သူ့ကို ချဉ်းကပ်ကြတာတွေရှိတယ်။ ချဉ်းကပ်တယ်ဆိုတာ ကလည်း ဦးစားပေးတဲ့ သဘောပေါ့။ ဒါပေမယ့် သူကတော့ ထောင်တွင်းဆက်ဆံရေးမှာတော့ မောက်မာတယ်။ သူ့ကိုယ်သူလည်း ထောင်ထဲမှာ ဘာပြောသလဲဆိုတော့ သူကလွတ် သွားပြီးရင် NLD မှာ ဆက်နေမယ်။ ဒါပေမယ့် သူက အမတ်အဖြစ်အရွေးခံမှာလည်း မဟုတ်ဘူဆိုတဲ့စကားကိုပြောတယ်။ ပြီးတော့ အချို့နိုင်ငံရေးတွေကို သူမသိဘူးဆိုတာလည်း သူပြောခဲ့တာတွေရှိတယ်။ ဒါပေမယ် တကယ့် လက်တွေ့မှာက သူထွက်လာပြီးတဲ့ အချိန်မှာ ဖြစ်လာတဲ့ပုံသဏ္ဌာန်တွေကတော့ ပြောင်းသွားကိုတွေ့နေရတယ်။ ဒါပေမယ့်အဓိက ထောင်တွင်းဖြတ်သန်းမှုကို ပြောရရင်တော့ မောက်မာတယ်။ စကားပြောတဲ့အခါမှာ နိုင်ထက်စီးနင်း ပြောတဲ့ပုံစံမျိုးတွေရှိတယ်။ အဲဒါဟာ သူ့ရဲ့အကျင့်စရိုက်လို့ပဲကျွန်တော်တို့က သတ်မှတ်တယ်။ နောက်တစ်ချက်က ပါတီမှာ အတွင်းရေးမှူးအဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်။ အတွင်းရေးမှူးအဖွဲ့မှာ သူတစ် ယောက်ထဲတင်မဟုတ်ဘူး အခြားသူတွေလည်း ရှိကြတယ်။ ဒါပေမယ့် အဲဒီအတွင်းရေးမှူးအဖွဲ့မှာ သူကသြဇာသက်ရောက်မှု အများကြီးရှိနေတယ် ဆိုတာသွားတွေ့ရတယ်။ နောက်တစ်ချက် နိုင်ငံရေးဆိုတာက ပြည်သူတွေကို သော်လည်းကောင်း အဖွဲ့အစည်း အတွင်းမှာရှိနေတဲ့ သူတွေကိုသော်လည်းကောင် ဦးဆောင်ရမှာဖြစ်တယ်။ ဒီလူတွေက ကိုယ့်အဖွဲ့အစည်းကိုယ့်ပါတီကို ကန်ထွက် သွားအောင် လုပ်ဆောင် မှုမျိုးတွေ မလုပ်ရဘူးဗျ။ အာဏာ ရှင်ပုံစံဖြစ်အောင် လုပ်ကိုင်နေတာတွေက သူ့ကို ဘယ်သူကနေဒီလောက် အထိ ခိုင်ခိုင်မာမာကျောထောက် နောက်ခံပြုနေတယ်။ ဒီလောက်ပြဿနာတွေအများကြီးရှိနေတဲ့ အချိန်မှာ ကျောထောက်နောက်ခံ ပေးပြီးတော့ လုပ်နေတယ်ဆိုတဲ့ ပြဿနာကလည်း အများကြီးရှိတယ်။ ပြီးတော့ သူတို့ အတွင်းရေးမှူးအဖွဲ့ထဲမှာလည်းသူ့ကို မကျေလည်တဲ့သူတွေ အများကြီးရှိနေတယ်ဆိုတာလည်း ကျွန်တော် တို့ကြားပါတယ်။ဦးဝင်းထိန်အနေနဲ့ ပါတီမှာ အစဉ်အဆက် လုပ်ကိုင်လာတဲ့ သူတွေကို တဖြည်းဖြည်းနဲ့ဝေးကွာသွားအောင် လုပ်နေတယ်လို့ ကျွန်တော်တို့ သွားမြင်နေတယ်။ ကျွန်တော်က ပါတီဝင်တစ်ယောက် မဟုတ်ပေမဲ့ ပါတီတစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ စံနှုန်းတွေကိုတော့ ကျင့်သုံးဖို့ တော့လို အပ်တယ်လို့ကျွန်တော်တို့ကယူဆတယ်။ ဘာကြောင့်လဲဆိုတော့ NLD ပါတီအနေနဲ့ ၂၈ နှစ်လုံးလုံးသူ ဖြတ်သန်းလာခဲ့တဲ့ အတွေအကြုံတွေရှိတယ်။ နောက်အရေးကြီးတဲ့ အချက်ကတော့ပါတီမှာ စည်းရုံးရေး သဘောမဆန်တဲ့ သူတစ်ယောက်ဟာ ပါတီရဲ့ ထိပ်ပိုင်းနေရာမှာ ရှိနေတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ပါတီအတွင်းရေးမှုးဆိုတာ ပါတီတစ်ခုမှာ အရေးကြီးဆုံး တာဝန်ကိုယူရ တာပဲ။ ဥက္ကဋ္ဌတွေ ဒုဥက္ကဋ္ဌတွေထက်စာရင် အတွင်းရေးမှူးက အားလုံးကို စီမံခန့်ခွဲပြီး အလုပ်ရတဲ့သူဖြစ်တယ်။ အဲဒီအဖွဲ့ အစည်းတစ်ခုမှာ ဒီလိုလူမျိုးဆက်ပြီးရှိနေဦးယ်ဆိုရင် ပါတီရဲ့ပုံရိပ်ဟာ တဖြည်းဖြည်းနဲ့ ပြိုကွဲသွားလိမ့်မယ်လို့ ကျွန်တော်မြင်တယ်။

 

lwan-niကိုလွမ်းနီ (ဗဟိုဦးဆောင် ကော်မတီဝင်)
(မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး)
တာဝန်ရှိသူတစ်ဦးဟာ လုပ်ပိုင်ခွင့်ကို ဘောင်ကျော်တဲ့ ကိစ္စမျိုးတွေ လုပ်ပိုင်ခွင့်အပေါ်မှာပဲ အ လွဲသုံးစားဆန်ဆန်လုပ်ဆောင်တဲ့ ကိစ္စရပ်တွေတို့ နောက်တစ်ချက်က မိမိရဲ့အမြင်သဘော ထားကို ပါတီသဘောထားဆန်ဆန်ပြောတာမျိုးဟာ ပိုပြီးအကျည်းတန် အရုပ်ဆိုးပါတယ်။ အဲဒါလည်း အလွဲသုံးစားတစ်ခုပေါ့ဗျာ။ ပါတီဆိုင်းဘုတ်အောက်မှာနေပြီး ကိုယ်ပြောချင်တာ ပြောတယ်ဆိုတဲ့အခြေအနေကအတော်ကို ဆိုးပါတယ်။ အခုအခြေအနေက ပါတီမူဝါဒနဲ့လည်း လွဲချော်တဲ့ကိစ္စပါ။အဲဒီလိုဖြစ်နေတဲ့ အခါကျတော့ ပါတီအနေနဲ့ကရော ဘယ်လောက်အထိ တာဝန်ရှိသူတွေကို တာဝန်တွေပေးထားသလဲပါတီကလည်း ဘယ်လောက်အထိ ဘယ် လောက်အထိ တာဝန်ခံထားလို့လဲဆိုတဲ့ အပိုင်းတွေရှိတယ်။ ဦးဝင်းထိန်ရဲ့ လုပ်ဆောင် ချက်ဟာပြောရမယ်ဆိုရင် ဝေဖန်တဲ့သဘောပါ။ အကောင်းဖက်ကပဲ ရှုမြင်ဝေဖန်တယ် ဆိုတဲ့သဘောနဲ့ပြောရရင်တော့ ပါတီမူဝါဒနဲ့တော့ နည်းနည်းဆန့်ကျင်တယ်ဗျ။ နောက် တစ်ချက်က ပါတီပေါ်လစီပါတီမူဝါဒကကို ကျော်တဲ့အတွက် သူ့ကိုရော အရေးယူ ဆောင်ရွက် မှုက ဘယ်လောက်ထိရှိမလဲဆိုတာက မေးခွန်းထုတ်ရမဲ့ အချက်ဖြစ်နေတယ်။ သို့သော်ပါတီ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်မယ် ပါတီစည်းမျဉ်းစည်းကမ်းနဲ့ ကျော်လွန်ပြီး ဆောင်ရွက်တဲ့ မည်သည့်ုဂိုလ်မဆိုပါတီစည်း မျဉ်းစည်း ကမ်းနဲ့ အရေးယူဆောင်ရွက်ရမှာပဲ၊ ကျွန်တော်တို့ ABSDF မှာလည်း ဒီလိုပဲ ဆောင်ရွက်ပါတယ်။

 

thar-gyiကိုသားကြီး

၈၈ ကျောင်းသား

ပါတီကြီးတစ်ခုမှာ ထိပ်ပိုင်းတာဝန်ရှိသူတစ်ယောက်အနေနဲ့ ဒီလိုပရမ်းပတာ ပြောဆိုတာတွေ ကတော့ မဖြစ်သင့်ဘူး၊ အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့တဲ့ ပါတီအနေနဲ့ အခုလိုပြောဆို လိုက်တာတွေဟာ ပါတီရဲ့ပုံရိပ်ကို ထိခိုက်စေတယ်။ ပြီးတော့ပြည်သူရဲ့ ယုံကြည်မှုလည်း အားနည်းစေတယ်လို့မြင်တယ်။