မန္တလေး အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်က အနုပညာပွဲကျင်းပ

မန္တလေးမြို့ အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်က (၁၁) ကြိမ်မြောက် ပန်းချီ၊ ပန်းပု၊ ဂီတ၊ သဘင် လက်ရာမွန်ပြပွဲကို မန္တလေးမြို့ အမျိုးသားကဇာတ်ရုံမှာ ကျင်းပခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ MCN သတင်းထောက် သန်းဌေးအောင်က အခုလိုပဲ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
မန္တလေးမြို့ အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်က (၁၁) ကြိမ်မြောက် ကျောင်းဆင်းပွဲနှင့် ဘွဲ့ယူစွမ်းရည်ပြ အထိမ်းအမှတ်အဖြစ် ပန်းချီ၊ ပန်းပု၊ သဘင်၊ လက်ရာမွန်ပြပွဲကို သြဂုတ်လ ၃၁ ရက်နေ့က မန္တလေးမြို့ အမျိုးသားကဇာတ်ရုံမှာ ကျင်းပခဲ့ပါတယ်။
” ဒီနှစ် ကျောင်းဆင်းလက်ရာတွေ နောက်နှစ်စဉ်နှစ်စဉ် တင်ဆက်နေတဲ့ ပွဲတွေက ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျွန်တောတို့ တက္ကသိုလ်တွေက နေပြီးတော့ တစိတ်တပိုင်းအနေနဲ့လည်း ဆောင်ရွက်နေတဲ့ အပိုင်းလည်းဖြစ်ပါတယ် ခင်ဗျ “ ဟု ဦးမင်းလွင် (တွဲဖက်ပါမောက္ခ) ပန်းချီအနုပညာဌာနခွဲ၊ အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာ တက္ကသိုလ်၊ မန္တလေးမှ ပြောကြားခဲ့ပါတယ်။
မန္တလေး အနုပညာတက္ကသိုလ်မှ ပညာသင်ကြားခဲ့တဲ့ ပန်းချီ၊ ပန်းပု ပညာရပ်တွေကို ရေးဆွဲပြသခဲ့တာဖြစ်ပြီး ပန်းချီကျောင်းသား၊ ကျောင်းသူ ၁၃ ဦးနဲ့ ပန်းပု ကျောင်းသား၊ ကျောင်းသူ ၆ ဦးတို့ ကျောင်းဆင်းခဲ့ကြတာ ဖြစ်ပါတယ်။
” ဒီနေ့ ကျောင်းဆင်းပွဲမှာတော့ ရေဆေးကားကို ရေဆေးစက္ကူပေါ်မှာ ပုဂံ ရှုခင်းလေးတွေကို ရေးဆွဲထားပါတယ်။ ဒီရှုခင်းကိုရေးဆွဲထားတဲ့ ပုံစံကတော့ Realassit လည်းမဟုတ်ဖူးပေါ့နော် သရုပ်မှန် ပန်းချီဝါဒကိုမှ ထပ်ပြီးတော့ ခွဲထွက်လာတဲ့ ပုံစံမျိုးလေးနဲ့ ရေးဆွဲထားတာပါ။ အရောင်မျှင်းမျှင်းလေးတွေ သုံးပြီးတော့ ရေးဆွဲထားပါတယ်ရှင်” ဟု မထူးလွင်ငြိမ်း၊ ပန်းချီအထူးပြုဘာသာရပ်၊ အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်၊ မန္တလေး မှ ပြောကြားသွားခဲ့တာပါ။
မန္တလေး အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ် အနေနဲ့ နှစ်စဉ်နှစ်တိုင်း အခုလိုကျောင်းဆင်းပွဲတွေကို ကျင်းပပေးခဲ့သလို မျိုးဆက်သစ် အနုပညာရှင်တွေ မွေးထုတ်ပေးခဲ့တာလည်း ဖြစ်ပါတယ်ခင်ဗျာ။

adv_banner