ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှာ ထွက်ရှိတဲ့ Pompeii ရုပ်ရှင်ကားအကြောင်း

ဒီသီတင်းပတ်ရဲ့ နိုင်ငံတကာရုပ်ရှင်လမ်းညွှန် အစီအစဉ်မှာတော့ ကမ္ဘာ့လူကြိုက်အများဆုံးဖြစ်နေတဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲက ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှာ ထွက်ရှိတဲ့ Pompeii ရုပ်ရှင်ကားအကြောင်းကို တင်ဆက်ပေးပါ့မယ်။ ကျွန်အဖြစ်ရောင်းစားခံထားရသူတစ်ဦးက သူရဲ့ချစ်သူကို စာရိတ္တပျက်စီးနေတဲ့ ရောမ အင်ပါရာ အမတ်တစ်ဦးရဲ့ လက်ထပ်သိမ်းပိုက်မှုကနေ ကယ်တင်နိုင်ဖို့ ရောမခေတ်မှာ လူချင်းဖြစ်စေ တိရစ္ဆာန်နဲ့ဖြစ်စေ တိုက်ပွဲဝင်ရတဲ့ gladiator အဖြစ် ပြန်လည်ပြိုင်ပွဲဝင်ခဲ့တဲ့ ဇာတ်ကြောင်းကို အခြေခံပြီး ဇာတ်လမ်းကို အစဖော်ထားပါတယ်။ Vesuvius မီးတောင်ပေါက်ကွဲတာကြောင့် Pompeii မြို့ကို ပြာဖုံးပြီး မြို့ပျက်စီးချိန်မှာ သူရဲ့ချစ်သူကိုကယ်တင်ဖို့ကြိုးစားခဲ့ပါတယ်။ Pompeii ရုပ်ရှင်ကားဟာ ဖြစ်ရပ်မှန် ဇာတ်ကြောင်းကို အခြေခံပြီး ဒရမ်မာ ဖြည့်စွက်ကာ ရိုက်ကူးထားတာပါ။ အဲဒီ Pompeii မြို့ဟာ ရောမ မြို့ဟောင်းတစ်ခုဖြစ်ပြီး ဘီစီ (၇)ရာစု၊ (၈) ရာစုလောက်ကတည်ထောင်ခဲ့တာပါ။ Pompeii မြို့ဟာ Vesuvius မီးတောင်ပေါက်ကွဲတာကြောင့် ပျက်စီးခဲ့ရပြီး မီးတောင် ချော်ရည်ပူတွေနဲ့ ပြာတွေ (၁၃) ပေကနေ ပေ (၂၀) အထိ နစ်မြှပ်နေတာကို ရှေးဟောင်းသုတေသနပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီ Pompeii ရုပ်ရှင်ကို ဒါရိုက်တာ Paul W.S. Andersonက ရိုက်ကူးထားပြီး နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ မင်းသား Kit Harington, နဲ့ Kiefer Sutherland မင်းသမီး Emily Browning စတဲ့သရုပ်ဆောင်တွေက အဓိက သရုပ်ဆောင်ပေးထားပါတယ်။

adv_banner