စိန်မဟာသဘင်ရဲ့ တတိယအကြိမ်မြောက် စိန်ပွဲတော်ကို အမျိုးသားဇာတ်ရုံမှာ ကပြဖျော်ဖြေသွားမယ်

စိန်မဟာသဘင်ရဲ့ တတိယအကြိမ်မြောက် စိန်ပွဲတော်ကို ရန်ကုန်မြို့မှာရှိတဲ့ အမျိုးသားဇာတ်ရုံမှာ ကပြဖျော်ဖြေသွားမှာဖြစ်ပါတယ်။ဒီအကြောင်းကိုတော့ MCN သတင်းထောက်အေးမြတ်က သတင်းပေးပို့ထားပါတယ်။

ဂရိတ်ဦးဖိုးစိန်ရဲ့မျိုးဆက် စိန်မဟာသဘင်က ဦးဆောင်ပြီး ဦးဖိုးစိန်ရဲ့ ထင်ရှားခဲ့တဲ့ တစ်ခန်းရပ် ပြဇာတ်တွေ၊ တေးအော်ပရာတွေ၊ နှစ်ပါးခွင်တွေကို ပြန်လည်စုစည်းကပြသွားမယ့် စိန်ပွဲတော်ကို လာမယ့် သြဂုတ်လ ၁၉ရက်နေ့နဲ့ ၂၀ရက်နေ့တွေမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဇာတ်သဘင်နှစ်သက်တဲ့သူတွေ တခဲနက်အားပေးခဲ့ကြတဲ့ ပါတော်မူ ဇာတ်တော်ကြီး၊ ဦးဖိုးစိန် နှစ် (၁၃၀)ပြည့်သဘင်ပွဲတော်တွေမှာ အောင်မြင်မှုရရှိခဲ့ပြီးတဲ့နောက် တတိယအကြိမ်မြောက်အဖြစ် စိန်ပွဲတော်ကို ပြုလုပ်ခဲ့တာပါ။

ဒီဇာတ်သဘင်ပွဲတော် စိန်မဟာသဘင်တစ်ခုတည်းမဟုတ်ဘဲ ရွှေမန်းသဘင်၊ စံပြသဘင်တို့ကလည်း ပါဝင်အားဖြည့်ကြမှာဖြစ်သလို သရုပ်ဆောင်ကျော်ကျော်ဗို၊ နေမင်း၊ ခိုင်နှင်းဝေ၊ ဖူးစုံ၊ ၀ါဆိုမိုးဦး စတဲ့သရုပ်ဆောင်တွေကလည်း ဦးဖိုးစိန်ရဲ့ တခန်းရပ်ပြဇာတ်တွေမှာ ပါဝင်အားဖြည့်ကြမှာပါ ။

ဖျော်ဖြေပွဲအတွက် လက်မှတ်ဈေးနှုန်တွေကိုတော့ သုံးသောင်းကျပ်၊ နှစ်သောင်းကျပ်၊ တစ်သောင်းကျပ် စတဲ့ ဈေးနှုန်းသတ်မှတ်ထားပြီး မန်းသီရီတေးသံသွင်း၊ တော်ဝင်စင်တာ၊ ဒဂုံစင်တာတို့မှာ ၀ယ်ယူနိုင်မှာဖြစ်ပါတယ်ရှင်။

adv_banner