ဘုန်းတော်ကြီးသင် ကျောင်းသားလေးတွေရဲ့ ပန်းချီကားများ New Zero Art Space တွင်ပြသ

ဘုန်းတော်ကြီးသင် ကျောင်းသားလေးတွေရဲ့ ပန်းချီကားများ New Zero Art Space တွင်ပြသ

 

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းက ပလောင်တိုင်းရင်းသားလေးတွေရဲ့ ကိုယ်ပိုင်စိတ်ကူးဥာဏ် နှင့်ဖန်တီးထားသည့် ပန်းချီကားတွေကို New zero art ပြခန်းမှာ ဇွန်လ(၂၁)ရက်ကနေ (၂၇)နေ့အထိ ပြသခဲ့ပါတယ်။

လူငယ်ပန်းချီဆရာတွေက ပန်းချီနဲ့ အလှမ်းဝေးနေတဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ပလောင် ကလေးတွေကို နွေရာသီ ၃ လ ကျောင်းပိတ်ရက်တွင် ၁ ပတ်မှာ ၃ ရက်သွားပြီး ပန်းချီသင်ပေးခဲ့တာ ဖြစ်ပါတယ်။

“သူတို့နဲ့ ကျွန်မတို့ ကြားထဲမှာ ဘာသာစကား အခက်အခဲလေးတွေတော့ရှိပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်မတို့ပြောတဲ့ လေယူလေသိမ်းကို သူတို့ နားမလည်တာလေးတွေရှိတယ်။ အဲ့ဒီတော့ ကျွန်မတို့ကသူတို့ စိတ်ကြိုက် ဖန်တီးခွင့်ပေးလိုက်ပြီး သူတို့ဆွဲချင်တဲ့ ပုံတွေပေးဆွဲခိုင်းထားပြီးတော့မှ သူတို့ဆွဲထားတဲ့ ပုံလေးတွေ ကြည့်ပြီးတော့ ဘယ်လိုလေး ပြင်လိုက်ရင် ကောင်းမယ်ဆိုတာမျိုးလေးတွေ ပြောပြပြီး သင်ကြားပေးထားတာ ပါ”လို့ ပန်းချီဆရာမ တွိင်တာက ပြောပါတယ်။

အဲ့ဒီ ပြပွဲမှာ ကလေး (၈၃)ယောက်ရဲ့ ကိုယ်ပိုင် စိတ်ကူးဥာဏ်နဲ့ ရေးဆွဲထားတဲ့ ပန်းချီကား (၈၃) ကားကို ပြသခဲ့တာဖြစ်ပြီး တစ်ကားကို အမေရိကန်ဒေါ်လာ ၃၀နဲ့ ပြခန်းမှာ ရောင်းချသွားမှာဖြစ်ပြီး ရရှိလာတဲ့ အကျိုးအမြတ်တွေကို ကလေးတွေအတွက် ပြန်လည်လှူဒါန်းမှာ ဖြစ်ပါတယ်။

New Zero Art Space ဟာ အနုပညာလှုပ်ရှားမှုတွေအပြင် HIV စင်တာနဲ့ ကချင်ပြည်နယ်က မိဘမဲ့ ဂေဟာအပါအ၀င် ထောက်ပံ့မှု အားနည်းတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေက ကလေး တွေ လွတ်လပ်စွာတွေးခေါ်နိုင်ဖို့ အတွက်ရည်ရွယ်ပြီး ပန်းချီနှင့် အနုပညာဘာသာရပ်တွေကို သင်ပေး နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

 

 

 

adv_banner
adv_banner