လူငယ်ရေးရာဝန်ကြီးဌာန နယ်ဒေသတွေက လူငယ်တွေအတွက် အကျိုးပိုရှိနိုင်

လူငယ်ရေးရာဝန်ကြီးဌာန ပေါ်ပေါက်လာခဲ့ရင် ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ နယ်ဒေသတွေက လူငယ်တွေအတွက်များစွာ အထောက်အကူဖြစ်လာနိုင်မယ်လို့ လူငယ်အရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။

“အခုဆိုရင် သင်တန်းတွေဘာတွေတက် ဖို့ဆိုတာ ရန်ကုန်မှာပဲ အရမ်းကြီးအဆင်ပြေတာပေါ့။ နယ်ဘက် တွေမှာဆိုရင် လူငယ်တွေရဲ့အခန်းကဏ္ဍက အရမ်းကြီးဆိုးဝါးပါတယ်။ အဲလိုမျိုးဆိုတော့ နယ်ဘက်က လူငယ် တွေရဲ့ အခြေအနေလည်း တိုးတက်လာမယ်လို့ထင်ပါတယ်”လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက မစုဋ္ဌေးနိုင် ကပြောပါတယ်။

အဲ့ဒီပေါ်ပေါက်လာမယ့် ၀န်ကြီးဌာနဟာ လူငယ်တွေအကြားမှာဖြစ်ပေါ်နေတဲ့ ပြသနာတွေကို ဖြေရှင်းပေးနိုင်ဖို့ လိုအပ်ပြီး တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ ပြသနာတွေကိုလဲ လူငယ်တွေ ၀ိုင်းဝန်းစဉ်းစားနိုင်ဖို့ အခွင့်အလမ်းတွေဖွင့်ပေး သင့်တယ်လို့ ဆိုကြပါတယ်။

နယ်ဒေသက လူငယ်တွေဟာရန်ကုန်မြို့က လူငယ်တွေထက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ အခွင့်အရေး နည်းပါးနေသေးတာမို့ လူငယ်ရေးရာဝန်ကြီးဌာန ပေါ်ပေါက်လာမှာကို ကြိုဆိုကြတာဖြစ်ပါတယ်။

“အဓိကကပါစေချင်တာကတော့ လူငယ်တွေရဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းပေးနိုင်မလဲ။ လူငယ်တွေကြား ထဲမှာ ဥပမာ မူးယစ်ဆေးဝါးပျံနှံတဲ့ ပြဿနာတွေဖြစ်မယ်။ အဲလိုပြဿနာတွေကို ဖြေရှင်းပေးမယ့် Agenda တွေပါသင့်တယ်”လို့ The Innovative မှ ဥက္ကဌ ဦးမျိုးဇော်အောင်က ပြောပါတယ်။

အစိုးရအနေဖြင့် လူငယ်ရေးရာဝန်ကြီးဌာနကို အကောင်အထည်ဖော်ဖို့ရှိနေပြီး နိုင်ငံရေးသိပ္ပံနဲ့ ပတ်သက်တဲ့ တက္ကသိုလ်တစ်ခုကို ပြင်ဦးလွင်မြို့မှာ ဖွင့်လှစ်နိုင်ဖို့ဆောင်ရွက်လျက်ရှိတယ်လို့ သမ္မတရုံးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားထားပါတယ်။

“၀န်ကြီးဋ္ဌာနပေါ်လာရင်တော့ အစိုးရဘက်က ချုပ်ကိုင်ထားတာမဟုတ်ဘဲနဲ့ တကယ် လူငယ်အတွက် လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ပေးတဲ့ဋ္ဌာနတစ်ခု အဲလိုဘဲဖြစ်စေချင်ပါတယ်။ ပြီးတော့ ခုနက ၀န်ကြီး ပြောသွားသလိုပဲ ဂျပန်နိုင်ငံမှာဆိုရင် လူငယ်လွှတ်တော်တွေရှိတယ်၊ စင်ကာပူမှာလဲရှိတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း လွှတ်တော်ထဲမှာ လူငယ်တွေပါဝင်ဖို့ လူငယ်တွေအများစုမဟုတ်တောင် သုံးချိုး တစ်ချိုး ပါဝင်ရင် အကောင်းဆုံးဘဲလို့ပြောချင်ပါတယ်”လို့ တအာင်း ပလောင်အမျိုးသားပါတီမှ ကိုဥာဏ်လင်း က ပြော ပါတယ်။

လက်ရှိအခြေအနေမှာတော့ ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့ ရန်ကုန်မြို့မှာ လူငယ်ရေးရာကိစ္စတွေကို ဆောင်ရွက်နိုင်ဖို့ လူငယ်စင်တာတစ်ခု ဖွင့်လှစ်ရေးအတွက် နေရာတစ်ခုစီစဉ်ပေးထားပြီး အဲ့ဒီနေရာကို လူငယ်စင်တာအဖြစ် လက်သင့်ခံသင့်မသင့် လူငယ်အဖွဲ့အစည်းတွေကြား ဆွေးနွေးမှုတွေကို ပြုလုပ်နေပါတယ်။

 

အောင်မျိုးသန့်

adv_banner
adv_banner