အိမ်နီးချင်းနိုင်ငံတွေထက် ဆေးလိပ်သောက်သူ အဆမတန်ပိုများနေ

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံဟာ ဆေးလိပ်သောက်သုံးသူ ရာခိုင်နှုန်း အဆမတန်ပိုမိုများပြားနေတယ်လို့ အချက်အလက်ကိန်းဂဏန်းတွေကို ကိုးကားပြီး အထူးကု ဆရာဝန်ကြီး ဒေါက်တာတင့်တင့်ကြည်က ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေး ပြတိုက်မှာ မေလ (၂၈) ရက်နေ့ ကျင်းပတဲ့ ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲမှာ လက်ရှိမြန်မာနိုင်ငံရဲ့ ဆေးလိပ်သောက်သုံးမှု၊ ကွမ်းယာ စားသုံးမှုတွေအပေါ် သုတေသနပြုလုပ်ထားတဲ့ အချက်အလက်တွေကို ကိုးကားပြီး ရန်ကုန်၊ အင်းစိန် ပြည်သူ့ဆေးရုံကြီးက အထူးကုဆရာဝန်ကြီးဒေါက်တာတင့်တင့်ကြည်ပြောဆိုလိုက်တာပါ။

“ကမ္ဘာစစ်တမ်းတွေအရ ဆေးလိပ်သောက်သုံးသူ အမျိုးသားအများဆုံး ထိပ်ဆုံး ၆ နိုင်ငံမှာ မြန်မာနိုင်ငံက စုစုပေါင်း ၅၁.၄ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးမှာရှိနေပြီး အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံမှာဆိုရင်တော့ ဆေးလိပ်သောက်သုံးသူ အမျိုးသားရာခိုင်နှုန်းဟာ ၁.၃ ရာခိုင်နှုန်းသာ ဆေးလိပ်ကို သုံးစွဲကြပါတယ်။”

ဒါအပြင် နိုင်ငံတော်က ဆောင်ရွက်နေတဲ့ ဆေးလိပ်နဲ့ ဆေးရွက် ကြီးအန္တရာယ် ကာကွယ်ရေး ဥပဒေချမှတ်ထားပေမယ့်လည်း တိတိကျကျလိုက်မှုမရှိတဲ့ အခြေအနေတွေကို အထူးကုဆရာဝန်ကြီး ဒေါက်တာတင့်တင့်ကြည်က ဝေဖန်ပြောကြားခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲမှု ထိန်းချုပ်ရေးဥပဒေကို ၂၀၀၆ခုနှစ်က ပြဌာန်းခဲ့တာဖြစ်ပြီး ၂၀၀၇ခုနှစ်မေလမှာ စတင်သက်ဝင်ခဲ့တာ ဖြစ်ပေမယ့် ဒီဥပဒေ ပြဌာန်းပြီးနောက်ပိုင်း ၂၀၀၉ ခုနှစ်အထိ ဆေးလိပ်သောက်သုံးသူဟာ လျှော့ကျသွားတာမျိုး မရှိပဲ ပိုမိုမြင့်မားလာတယ်လို့လည်း ကျန်းမာရေးဦးစီးဌာန ညွန်ကြားရေးမှူး (အငြိမ်းစား) ဆရာကြီး ဒေါက်တာခင်မောင်လွင်က ပြောကြားလိုက်တာပါ။

“ဆေးလိပ်သောက်သုံးသူတွေရဲ့ နှုံးထားက ဆေးလိပ်နဲ့ ဆေးရွက်ကြီးထိန်းချုပ်ရေးဆိုင်ရာ ဥပဒေ အတည်ပြု ပြဌာန်းပြီးပြီးချင်းမှာသာ အနည်းငယ်ကျသွားပေမယ့် နောက်ပိုင်းမှာတော့ ပြန်လည်မြင့်တက်လာပြီး ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်မှာဆိုရင်တော့ ဥပဒေမထုတ်ပြန်ခင်က အခြေအနေမျိုးထက်တောင် ပိုမိုများပြားလာတာကို ကျွန်တော်တို့ တွေ့နေရပါတယ်။”

ဒီလိုအခြေအနေကြောင့် ကျန်းမာရေးဝန်ကြီးက အခြေခံပညာကျောင်းတွေမှာ ဆေးလိပ်နဲ့ ဆေးရွက် ကြီးကင်းမဲ့ဇုံတွေ အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေတာမျိုးတွေလည်းရှိနေပြီး ဆေးလိပ် မသောက်သုံးရ နေရာတွေကိုလည်း ထပ်မံတိုးချဲသွားဖို့မယ်လို့ တာဝန်ရှိသူတွေက ဒီအခမ်းအနားမှာ တရားဝင် ပြောကြားခဲ့ပါတယ်။

လက်ရှိအခြေအနေမှာတော့ မေလ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အခမ်းအနားတွေကို မြန်မာနိုင်ငံမှာ နှစ်စဉ်ကျင်းပပြုလုပ်လာကြပြီး ပညာရှင်တွေနဲ့အတူ အနုပညာရှင်တွေက ဆေးလိပ်နဲ့ ဆေးရွက်ကြီး သောက်သုံးမှု လျှော့ချနိုင်ရေး ဟောပြောမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာကြတာဖြစ်ပါတယ်။

အောင်မျိုးသန့်

adv_banner