?bph6

Place your ads here!

လူငယ်ရေးရာဝန်ကြီးဌာနသစ် ဖွဲ့စည်းဖို့ရှိနေ

ပြည်ထောင်စု အစိုးရအဖွဲ့အနေနဲ့ လူငယ်ရေးရာဝန်ကြီးဌာနသစ်တစ်ခုကို ဖွဲ့စည်းဆောင်ရွက်သွားဖို့ရှိနေတယ်လို့ သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ Sky Star ဟိုတယ်မှာ မေလ (၂၉) ရက်နေ့ ကျင်းပခဲ့တဲ့ မြန်မာ ပါတီစုံ ဒီမိုကရေစီ အစီအစဉ်ရဲ့ နိုင်ငံရေးပါတီတွေမှာ လူငယ်တွေ ပါဝင်လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ အဖွင့် မိန့်ခွန်းမှာ ပြည်ထောင်စုဝန်ကြီးက အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဒါ့အပြင် နိုင်ငံရေးသိပ္ပံနဲ့ ပတ်သက်တဲ့ တက္ကသိုလ်တစ်ခုပေါ်ပေါက်လာဖို့ကိုလည်း ပြည်ထောင်စုအစိုးရအနေနဲ့ ကြိုးစားဆောင်ရွက်နေတယ်လို့ ထည့်သွင်းပြောကြားလိုက်တာဖြစ်ပါတယ်။

“လူငယ့်ရေးရာ ၀န်ကြီးဌာနတစ်ခုကို ဖွဲ့စည်းနိုင်ဖို့အတွက် ကျွန်တော်တို့ ဆောင်ရွက်ဆဲ အခြေအနေမျိုးတွေ ရှိနေပါတယ်။ နောက်တစ်ခုကတော့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ကျွန်တော်တို့ နိုင်ငံရေး သိပ္ပံဘာသာရပ်တွေ သင်ကြားပို့ချပေးမယ့် ကောလိပ်တစ်ခုကို ပြင်ဦးလွင်မှာ ဖွင့်ဖို့အတွက် ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း အခက်အခဲတွေ ရှိနေတာကြောင့် အခုအချိန်အထိ အကောင်အထည် မဖော်နိုင်သေးတဲ့ အခြေအနေမျိုးတွေလည်းဖြစ်နေပါတယ်။ ဒါပေမယ့် ဖြေးဖြေးချင်းမှာတော့ နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ ဘွဲရတဲ့ သူတွေ ပေါ်ထွန်းလာစေဖို့ တက္ကသိုလ်တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်လို့ ကျွန်တော် ပြောကြားလိုပါတယ်။”

ဒီဆွေးနွေးပွဲမှာပဲ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက လူငယ်တွေအနေနဲ့ ကိုယ်ကျိုးမဖတ်ဘဲ ဖြူစင်တဲ့ စိတ်ဓါတ်နဲ့ သန့်ရှင်းတဲ့ နိုင်ငံရေးမှာ ပါဝင်ကြဖို့ တိုက်တွန်းပြောဆိုခဲ့တာပါ။

“ကျွန်တော်ကတော့ လူငယ်တွေဟာ ကိုယ်ကျိုးမဖတ်ပဲ ဖြူစင်တဲ့ စိတ်ဓာတ်နဲ့ သန့်ရှင်းတဲ့ နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်နိုင်ကြဖို့အတွက် အားပေးချင်သလို ဖြစ်လည်း ဖြစ်စေချင်ပါတယ်။ ဒါဟာ ကျွန်တော့် အိပ်မက်ပါ။ ဘယ်ပါတီကပဲ လုပ်လုပ် နိုင်ငံတော်ကောင်းဖို့ လိုအပ်ပါတယ်။ နောက်တခါ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ လူငယ်ထုရဲ့ အင်းအား အများကြီးလိုအပ်တယ်ဆိုတာ ကျွန်တော်လည်း လက်ခံသလို ခင်ဗျားတို့လည်း ဒီလိုလုပ်နေကြတဲ့အတွက် ကျွန်တော်တို့ အလေးလည်းထားပါတယ်။  လေးလည်း လေးစားပါတယ်။ ဒီအလုပ်တွေကို လုပ်နိုင်ဖို့က အသက်အရွယ်အရေးမကြီးပဲ လုပ်နိုင် ကိုင်နိုင်ဖို့ကသာ အရေးကြီးတယ်လို့ ကျွန်တော် ဒီနေရာကနေ ပြောကြားလိုပါတယ်။”

မြန်မာ ပါတီစုံ ဒီမိုကရေစီ အစီအစဉ်ရဲ့ နိုင်ငံရေးပါတီတွေမှာ လူငယ်တွေ ပါဝင်လှုပ်ရှားမှုနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲကို The Innovative၊ Action Aid၊ ဒိန်းမတ်နိုင်ငံက DIPD အဖွဲ့ တို့ကပူးပေါင်း ကျင်းပတာဖြစ်ပြီး နိုင်ငံရေးပါတီစုံက လူငယ်ကိုယ်စားလှယ်တွေ၊ အရပ်ဖက်ဆိုင်ရာလူမှုအဖွဲ့အစည်းတွေက လူငယ်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာတော့ နိုင်ငံတကာက နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ လူငယ်ကိုယ်စားလှယ်တွေနဲ့ မြန်မာ လူငယ်ကိုယ်စားလှယ်တွေ နိုင်ငံရေးမှာ လူငယ်တွေ ပါဝင်မှုအခန်းကဏ္ဍ၊ အုပ်ချုပ်ရေးမှာ လူငယ်တွေရဲ့ ဦးဆောင်နိုင်မှုအခန်းကဏ္ဍတွေနဲ့အတူ တိုင်းပြည်ထူထောင်ရေးနဲ့ လူငယ်တွေရဲ့ အခန်းကဏ္ဍဆိုင်ရာ ကိစ္စရပ်တွေကို အပြန်အလှန်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အောင်မျိုးသန့်

adv_banner