ဓါတ်ပုံအနုပညာရှင်(၅)ဦး စုစည်းပြသသည့် Photo City ဓါတ်ပုံပြပွဲ

ဓါတ်ပုံအနုပညာရှင် (၅)ဦးနဲ့ဖွဲ့စည်းထားတဲ့ Photo City Image Bank အဖွဲ့သည် Photo City အမည်ရှိတဲ့ ဓါတ်ပုံပြပွဲကို ပြည်သူ့ဥယျာဉ်ဝင်းအတွင်း နက္ခတာရာပြခန်းအနီးမှာရှိတဲ့ The Yangon Gallery မှာ စက်တင်ဘာလ (၉)ရက်နေ့မှ(၁၄)ရက် အထိ ကျင်းပလျက်ရှိနေပါတယ်။

“Photo City Imade Bank ဆိုတာရှိတယ်လေ အဲ့ဒီက Founder ပေါ့ ကျွန်တော်တို့က Founder ငါးယောက်ပါ Photo City အနေနဲ့ ကျွန်တော်တို့ Founder ငါးယောက်ကစုစည်းပြီးပြတာပါ။ ဒီ Group က Founder အနေနဲ့ရှိပြီးသား နှစ်တိုင်းနှစ်တိုင်း အခါအားလျော်စွာပြပါတယ်။ အခုက လည်းပြဖို့ အစီအစဉ်လေးပေါ်လာတာနဲ့ ဒီငါးဦးပြလိုက်တာပါ”လို့ ဓါတ်ပုံသန်းအောင်(Black and White)က ပြောပါတယ်။

အဆိုပါပြပွဲမှာတော့ မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ တောတောင်ရေမြေသဘာဝအလှတရားများနဲ့ တိုင်းရင်းသားတို့ရဲ့ ချစ်စဖွယ်ဓလေ့များကို ဓါတ်ပုံဆရာတစ်ဦးချင်းစီရဲ့ ရှုထောင့်မျိုးစုံမှ ဖန်တီးမှု များကို ပြသပေးထားပါတယ်။

“ဓါတ်ပုံနဲ့ပန်းချီကတော့ သူရဲ့ခံစားမှုနဲ့ပေါ့ ဓါတ်ပုံကတကယ်ရှိမှ မြင်မှရိုက်လို့ရတာ၊ ပန်းချီက တော့ စိတ်ကူးနဲ့ဆွဲလို့ရတယ်ဆိုတော့ သူကတော့ ပိုပြီးလုပ်ဆောင်လို့ရတာပေါ့။ တကယ်ရှိတဲ့ အချိန်မှာရာသီဥတုကောင်းပြီး ကိုယ်လိုချင်တဲ့ ပုံစံမျိုးရမှရိုက်ရတာဖြစ်တော့ အချိန်စောင့်ရိုက်ရ တယ် အချိန်ပေးရိုက်ရတာပေါ့”လို့ City Rays Studio မှ ဓါတ်ပုံ မြဝင်းက ပြောပါတယ်။

ပြည်တွင်းရဲ့ ဓါတ်ပုံလောကဟာ အနည်းငယ်တွင်ကျယ်မှုရှိလာသလို ဓါတ်ပုံပညာရဲ့ အခန်းကဏ္ဍ ကလည်း နည်းပညာသုံး အီလက်ထရောနစ်ပစ္စည်းများကြောင့် လူအများရဲ့ စိတ်ဝင်စားမှုကို ပိုမို ရရှိလာပြီဖြစ်ပါတယ်။

adv_banner