SCG ကုမ္ပဏီက ကျောင်းသား၊ ကျောင်းသူ ၂၀၀ ကိုပညာသင်ဆုပေးအပ်

ထိုင်းနိုင်ငံက ဘိလပ်မြေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းထုတ်လုပ်တဲ့ SCGကုမ္ပဏီသည် မြန်မာနိုင်ငံက ကျောင်းသား၊ ကျောင်းသူ အယောက် (၂၀၀)ကို ၂၀၁၄ ခုနှစ်အတွက် ပညာသင်ဆုပေးအပ်ခဲ့ပါတယ်။

“လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကတည်းက ကျွန်တော်တို့ ကုမ္ပဏီက မြန်မာ နိုင်ငံကို ဘိလပ်မြေစသွင်းခဲ့တာပါ။ လွန်ခဲ့တဲ့နှစ်ကလည်း မော်လမြိုင်မှာ ဘိလပ်မြေစက်ရုံရင်းနှီးမြှုပ်နှံမယ်လို့ ကြေညာခဲ့ပါတယ်။ ကျွန်တော်တို့မြန်မာ နိုင်ငံအစိုးရရော ပြည်သူတွေကပါ အရမ်းထောက်ခံအားပေးခဲ့တယ်။ ဒါ ကြောင့် မြန်မာလူ့အဖွဲ့အစည်းကို တစ်ခုခုပြန်ထောက်ပံ့ပေးဖို့ဆိုပြီး လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက အထက်တန်း ကျောင်းသား၊ ကျောင်းသူတွေကို ပညာသင်ဆုတွေပေးခဲ့တာပါ”လို့ SCG ကုမ္ပဏီမှ Regional Business ဒုတိယ ဥက္ကဋ္ဌ Mr.AreeChavalitcheewingul ကပြောပါတယ်။

ပညာသင်ဆုရွေးချယ်ရာမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ ကော့မှူး၊ တွံတေး၊ မှော်ဘီ စတဲ့မြို့နယ်(၁၀) မြို့နယ်
က ပညာရေးထူးချွန်တဲ့ ကျောင်းသား ၊ ကျောင်းသူတွေကို ရွေးချယ်ထားတာ ဖြစ်ပါတယ်။

“ပထမတစ်ခေါက်ဖောင်တင်တော့ အထက ၄ ကျောင်းမှာ လာတွေ့ခိုင်း တယ်။ အိမ်ပုံစံတွေ ဓာတ်ပုံတွေ သွားပေးရတယ်။ အဲ့ဒါပြီးတော့ တော်တော် ကြာတယ်ဆိုတော့ အကြောင်းလည်း မကြားတော့မရတော့ဘူးထင်တာ၊ နောက်တော့ ဆရာမဆီက အကြောင်းကြားစာရလို့ သိရတာပါ။ ကျောင်း ပစ္စည်းတွေဝယ်ဖို့နဲ့ လိုအပ်တဲ့ essayစာအုပ်တွေ ဝယ်ဖို့ပြင်ဆင်ရမှာ ကျောင်းဆရာမ လုပ်မယ်ဆိုတာ တပည့်တွေကို စာပြန်သင်ပေးရမှာဆို တော့ ကိုယ့်မှာဗဟုသုတတွေရှိဖို့လိုအပ်တယ်”လို့ ပညာသင်ဆုရရှိခဲ့တဲ့ ကျောင်းသူ မအိငုံဖူးကပြောပါတယ်။

ပညာသင်ဆုအနေနဲ့ ငွေကျပ်နှစ်သိန်းတစ်သောင်းကို ပေးအပ်တာဖြစ်ပြီး ကလေးငယ်တွေရဲ့ ပညာရေးအတွက် အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

ရန်ကုန်မြို့က ကျောင်းသား၊ ကျောင်းသူအယောက်(၁၀၀)အတွက် ပညာ သင်ဆုတွေကို စက်တင်ဘာ(၁၀)ရက်နေ့က ရန်ကုန်မြို့ရှိအပြည်ပြည်ဆိုင်ရာ စီးပွားရေးစင်တာမှာ ပေးအပ်ခဲ့တာလည်းဖြစ်ပါတယ်။

 

adv_banner
adv_banner
adv_banner adv_banner