မရမ်းကုန်းမြို့နယ်က မိဘမဲ့ကလေးအပြင် အခြားမြို့နယ်ကလေးတွေကိုပါ စောင့်ရှောက်သွားမည်

 

မရမ်းကုန်းမြို့နယ်က မေတ္တာမျိုးဆက်အဖွဲ့သည် မိဘမဲ့ဖြစ်သွားရတဲ့ ကလေးသူငယ်နဲ့ မိဘအစုံအလင်မရှိ ကြတဲ့ ကလေးသူငယ်တွေကို ကူညီစောင့်ရှောက်မှုတွေပေးနေပြီး လုပ်ငန်းများစတင်ချိန် ကလေးသူငယ်တွေရဲ့ ကျန်းမာရေးကို ဦးစားပေးဆောင်ရွက်ခဲ့ကာ ယခုဆိုလျှင် တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

“စတင်တဲ့အခါမှာ ဒီလိုကလေးတွေ ရပ်ကွက်ထဲမှာ နှစ်ရပ်ကွက်အတွင်းမှာရှိတဲ့ တစ်ပိုင်တစ်နိုင်ပေါ့ မိဘမဲ့ ကလေးဟာ အားလုံးပေါင်း ၃၂ ဦးပေါ့၊ မိဘတစ်ခြမ်းမဲ့ကလေးက ၂၃၀ ကျော်ကို စာရင်းကောက်ပြီးရခဲ့တာပေါ့။ ပထမကျန်းမာရေးကို ဦးစားပေးပြီးတော့ ကူညီထောက်ပံ့ခဲ့ပါတယ်။ အဲ့ဒီကလေးတွေကို ကျန်းမာရေးကူညီ ထောက်ပံ့တယ်ဆိုတဲ့နေရာမှာ သူတို့ကိုအဘတို့ ရပ်ကွက်ထဲမှာရှိတဲ့ ဆေးခန်း ၁၈ ခန်းနဲ့သွားပြီးတော့ ဆွေး နွေးတိုင်ပင်ပါတယ်။ ဆေးခန်းစာအုပ်ကို မေတ္တာမျိုးဆက်နာမည်နဲ့ရိုက်ပြီး ဒီဆေးခန်းစာအုပ်နဲ့သွားရင် ဆေးခန်း တွေကပိုက်ဆံမယူပါဘူး၊   အခမဲ့ကုပေးပါတယ်။ တစ်လတစ်ကြိမ် လိုက်လံပြီးတော့ ဆေးဝါးစရိတ်ကို လိုက်လံ ရှင်းလင်းပေးပါတယ်”လို့ မေတ္တာမျိုးဆက်အဖွဲ့မှ ဥက္ကဌ ဦးအေးမြင့်က ပြောပါတယ်။

မေတ္တာမျိုးဆက်အဖွဲ့က မရမ်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက်ထဲက ကလေးသူငယ်တွေကို အဓိကထား စောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေတာဖြစ်ပြီး နောက်ပိုင်းမှာ ပညာရေးအထောက်အပံ့တွေလည်း ပေးအပ်သွား မှာဖြစ်ပါတယ်။ မိဘမဲ့ဖြစ်သွားကြရပေမယ့် သူတို့ရဲ့ဘ၀မှာ ကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်လာစေဖို့ ရပ်ကွက် အတွင်းက တက္ကသိုလ်ဝင်တန်းမှာ (၆)ဘာသာဂုဏ်ထူးရှင် (၂)ဦးကို ဂုဏ်ပြုရွှေတံဆိပ်ဆုတွေ ပေးအပ်သွားပါ တယ်။

“သမီးရှေ့ဆက်ပြီး ဆေးတက္ကသိုလ်တတ်ဖို့ စဉ်းစားထားပါတယ်။ ဆေးတက္ကသိုလ်ဘွဲ့ရပြီးသွားရင်တော့ ဒီ အဖွဲ့အစည်းက ကလေးတွေရဲ့ကျန်းမာရေးကို ပြန်ပြီးတော့ ကုသပေးမယ်လို့ စဉ်းစားထားပါတယ်။ ၁၀ တန်း ဆိုတာတော့ အခက်အခဲတွေအများကြီးပါ။ ကိုယ့်ဘဝရဲ့အချိုးအကွေ့ဆိုတော့လေ အဲ့ဒီအခက်အခဲတွေအား လုံးကို ရင်ဆိုင်ပြီးတော့ကြိုးစားပါလို့ ကြိုးစားရင်တော့ ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်ကိုရောက်နိုင်မှာပါ”လို့ (၆)ဘာသာဂုဏ်ထူးရှင် မသင်းနဒီဖြိုးက ပြောပါတယ်။

အဲ့ဒီအဖွဲ့ဟာ အမှတ်(၂)ရပ်ကွက်တစ်ခုတည်း မဟုတ်ဘဲ အနီးအနားရပ်ကွက်တွေက မိဘမဲ့ကလေးသူငယ်တွေ ကိုလည်း စောင့်ရှောက်မှုတွေပြုလုပ်သွားဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။

adv_banner