(၆) ကြိမ်မြောက် Asean China စွန့်ဦးတီထွင်လူငယ်ဖိုရိမ် စက်တင်ဘာလအတွင်းကျင်းပမည်

Asean China စွန့်ဦးတီထွင်လူငယ်ဖိုရိမ် (ASEAN-China Young Entrepreneurs Forum -ACYEF) ကို ရန်ကုန်မြို့မှာ စက်တင်ဘာလ ၂၂ ရက်၊ ၂၃ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး လူငယ်ကိုယ်စားလှယ် (၂၀၀)ကျော် တက်ရောက်မှာလည်း ဖြစ်ပါတယ်။

အဲ့ဒီဖိုရမ်ကို(၆) ကြိမ်မြောက် ကျင်းပခြင်းဖြစ်၍ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များ အသင်းချုပ်(UMFCCI) မှာကျင်းပသွားမှာဖြစ်ပြီး မြန်မာနိုင်ငံစွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းနဲ့ တရုတ် ပြည်သူ့သမ္မတနိုင်ငံအပါအ၀င် အာဆီယံ ၁၀နိုင်ငံက လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင် ကိုယ်စားလှယ်များတက် ရောက်ကြမှာဖြစ်ပါတယ်။

“ကျွန်တော်တို့ဘက်ကနေ အဓိကလုပ်နေကြတာက လူငယ်တွေကို စီးပွားရေးလုပ်ငန်းတွေမှာ ကိုယ် တိုင် ကိုယ်ကျ စွန့်ဦးတီထွင်ပြီးတော့ လုပ်ကိုင်လိုစိတ်တွေဖြစ်ပေါ်လာအောင် ဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေ ကျွန်တော်တို့ဘက်က လုပ်ပေးတယ်။ နောက်တစ်ခါ လက်ရှိလုပ်နေတဲ့ စီးပွားရေးလုပ်နေတဲ့ လူငယ်တွေ ဒါမှမဟုတ် အခုစီးပွားရေးလုပ်ဖို့ကြိုးစားနေတဲ့ လူငယ်တွေကိုလည်း စီးပွားရေးနဲ့ သက်ဆိုင်တဲ့ ဘဏ္ဍာရေးဆိုင် ရာသိသင့်သိထိုက်တာ အဆက်အသွယ်တွေ စသဖြင့် ဒီလိုပိုင်းတွေလည်း ရရှိနိုင်အောင် ဆောင်ရွက်ပေးနေ ပါတယ်”လို့ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်သူများအသင်း အတွင်းရေးမှူး ဦးအေးဝင်း ကပြောပါတယ်။

အဆိုပါဆွေးနွေးပွဲမှာတော့ မြန်မာနိုင်ငံအပါအ၀င် အာဆီယံနိုင်ငံတွေရဲ့ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ အကြောင်းအရာတွေကို ဦးစားပေးဆွေးနွေးဖို့အတွက် ရည်ရွယ်ထားတာဖြစ်သလို စွန့်ဦးတီထွင်သူတွေ လက်ရှိ ကြုံတွေနေရတဲ့ အခက်အခဲတွေကိုလည်း ဆွေးနွေးအဖြေရှာပြီး ၀ိုင်းဝန်းဖြေရှင်းကြဖို့လည်း ရှိနေတာပါ။

“စွန့်ဦးတီထွင်သမားတစ်ယောက်သည် သူတို့ဆီမှာလုပ်ချင်တဲ့ ပုံစံတစ်ခုရှိတယ်။ အဲ့ဒီဥစ္စာက တကယ်လက် တွေ့လုပ်တဲ့အခါမှာ ဖြစ်နိုင်ပါ့မလား။ ဖြစ်နိုင် မဖြစ်နိုင်ကို သူငွေကို risk မလုပ်ခင်မှာ ဒီမှာလာပြီး risk နည်း နည်းလေးနဲ့လုပ်၊ ရှုံးလည်းနည်းနည်းပေါ့။ ဒါပေမယ့် သူဟာတကယ်ကို ready ဖြစ်ပြီဆိုတော့မှ အပြီးထွက်လုပ် ဒါဆို risk က နည်းတယ်။ အောင်မြင်ဖို့ အခွင့်အလမ်းက များသွားတယ်”လို့ မြန်မာနိုင်ငံလူငယ် စွန့်ဦးတီထွင်သူများအသင်း ဥက္ကဌ ဦးဝေဖြိုးက ပြောပါတယ်။

အဆိုပါ Asean China စွန့်ဦးတီထွင်လူငယ်ဖိုရိမ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးပြည်နယ် ၊ နန်နင်းမြို့မှာ ၂၀၀၈ ခုနှစ်ထဲက စတင်ကျင်းပခဲ့တာဖြစ်ပြီး အာဆီယံနိုင်ငံတွေမှာ နှစ်စဉ်အလှည့်ကျ ကျင်းပ ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံက အလှည့်ကျ ဥက္ကဌတာဝန်ကို ၂၀၁၃ ခုနှစ် သြဂုတ်လမှာ လွှဲပြောင်းတာဝန်ယူပြီး ယခုကျင်းပမယ့် ဖိုရမ်ကို အိမ်ရှင်အဖြစ် ဦးဆောင်ကျင်းပမှာဖြစ်ပါတယ်။

(ဟိန်းကို)

adv_banner