ကိုယ်ပိုင်သံစဉ်တွေကို ချပြနိုင်တဲ့ လင်းပွင့်ဂီတပွဲတော်

ပန်းဆိုးတန်း အနုပညာထုတ်လုပ်ရေး မီဒီယာကစီစဉ်တဲ့ လင်းပွင့်ဂီတပွဲတော် အစီအစဉ်သည် ဂီတပညာရှင်၊ ၀ါသနာရှင်များအတွက် သူတို့ရဲ့ဖန်တီးထားတဲ့ ဂီတနဲ့ အသံဆိုင်ရာ အနုပညာကို တင်ဆက်ပြသဖို့ နေရာတစ်ခု ဖြစ်ပါတယ်။

“ကျွန်တော်ဈေးကွက်ရဲ့ အခြေအနေတစ်ခုကိုလည်း ပြန်ပြီးတော့ ကျော်လွှားနိုင်ဖို့ပေါ့။ ဥပမာဒီလူငယ်တွေက အခွေတစ်ခွေလုပ်တယ်ဆိုရင် တစ်ခွေလုံးစာပြီးမှပဲထုတ်လို့ရမယ်ဆိုရင် တစ်ချို့ဆိုရင် အခွေတစ်ခွေလုံးကို ရင်းနိုင်အောင် လုပ်ရင်းလုပ်ရင်းနဲ့ ဆယ်နှစ်လောက်ကြာသွားတဲ့ သူတွေလည်းရှိတယ်။ အခွေမထွက်ရသေးသူ တွေရဲ့ သီချင်းကိုနားထောင်တော့ အကြမ်းလုပ်ထားတယ်လို့တော့ သူတို့ကပြောတယ်။ အဲ့ဒါတွေကိုနား ထောင်လိုက်လို့ရှိရင် ဈေးကွက်လွှမ်းမိုးမှု မခံရတော့ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ သီချင်းတွေလည်း ရေးနိုင်တယ်”လို့ ပန်းဆိုးတန်းအနုပညာခန်းမမှ ဦးအောင်စိုးမင်းကပြောပါတယ်။

ဒီအစီအစဉ်မှာ ကိုယ်ပိုင်ဖန်တီးထားတဲ့ ဂီတသီချင်းတင်ဆက်မှုတွေကိုသာ လက်ခံမှာဖြစ်ပြီး ပုံတူကူးတဲ့ ဂီတသီချင်းတွေကို လက်ခံမှာမဟုတ်ဘူးလို့ သိရပါတယ်။ ပါဝင်ချင်တဲ့ ဂီတပညာရှင် ၀ါသနာရှင်တွေဟာ ကိုယ်တိုင်ဖန်တီးထားတဲ့ ဂီတသီချင်းတွေကို လင်းပွင့်ဂီတပွဲတော်သို့ ပေးပို့ရမှာဖြစ်ပြီး လင်းပွင့်ဂီတပွဲတော် အဖွဲ့က စီစစ်ရွေးချယ်မှာ ဖြစ်ပါတယ်။

“ဒီမှာလူငယ်တွေတော်တော်များများ မီဒီယာတွေ တော်တော်များများ ဒီထက်ပိုပြီး ကြီးကျယ်ခမ်းနားလာရင် မျက်စိပွင့်နားပွင့်ဖြစ်လာမှာပါ။ ကျွန်တော်တို့အတွက် နောက်လာမယ့် လူငယ်တွေအတွက် လုပ်နေတဲ့ လူတွေ အတွက် အကျိုးရှိတယ်လို့ထင်ပါတယ်”လို့ တယောပညာရှင် ကိုအောင်သွေးကပြောပါတယ်။

အခုလက်ရှိမှာတော့ လင်းပွင့်ဂီတပွဲတော် အစီအစဉ်ကို ဒီမိုကရက်တစ်မြန်မာ့အသံ DVB ရုပ်သံကနေ တင်ဆက်ပြသနေတာဖြစ်ပြီး အဲ့ဒီလိုပါဝင်ခဲ့တဲ့ ဂီတပညာရှင် ၀ါသနာရှင်တွေဟာ ပန်းဆိုးတန်း Scene မှာလည်း ဖျော်ဖြေမှုတွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

adv_banner
adv_banner